ရေဖြူမြို့နယ်၊ ထာဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားသည့် ရေဖြူဒေသခံ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၅ ဦးကို ပြန်လည်လွတ်မြောက်လာကြောင်း ဖမ်းဆီးခံရသည့် ရေဖြူဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ ရေဖြူမြို့နယ် ရလိုင်၊ ပုဂေါဇွန်း၊ ခမောင်းချောင်းနှင့် နဘုလယ်ဒေသခံများဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
မေလ ၂၈ ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဆိုသည်။
ဖမ်းဆီးခံရပြီး သုံးရက်အကြာ မေလ ၃၀ ရက် ညနေပိုင်းတွင် နဘုလယ်ဒေသ လဲရှောင်ရွာအနီးရှိ ဒေသခေါ် ဂျောအန်း ဆိုသည့်နေရာအရောက်တွင် စစ်ကောင်စီတပ်က ပြန်လွတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် ရေဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
ခမောင်းချောင်းရွာအနောက်ဘက်တွင် သစ်သားတုတ်များ ခုတ်နေချိန် စစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခံရခြင်းဖြစ်ပြီး လမ်းခရီးတွင် ရိုက်နှက်နှိပ်စက်ခြင်း၊ ရှေ့တန်းမှ သွားလာခိုင်းခြင်းတို့ မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“လူငယ်ပိုင်းတွေကတော့ ကျည်ဆန်အိတ်နဲ့ ခြင်းကို တစ်လှည့်စီထမ်းရတယ်။ ထမင်းလည်း သူတို့ စားသလိုပဲ စားရတယ်။ နောက်မာမား ကျွေးတယ်။ သူတို့က ဖမ်းသွားကတည်းကပြောတယ်။ တွေ့လို့ သတင်းပေါက်မှာစိုးတာကြောင့် ခေါ်သွားတယ်ပေါ့နော်။ ရှေ့ရွာရောက်ရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၂၉ ရက်တွင် ခမောင်းချောင်းရွာမှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာစဉ် ဧကနိရွာအနီး ဆီအုန်းခြံတစ်နေရာ၌ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“မနက် ၇ နာရီကနေ ညနေအထိပဲ အဲဒီနေ့က တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့ကိုကျတော့ တစ်နေရာမှာ ဝပ်ခိုင်းထားတယ်။ သူတို့ကတော့ ထွက်ပစ်နေကြတယ်၊ တိုက်ပွဲမှ စစ်တပ်စစ်ကြောင်းက ကျတာမရှိဘူး။ အဲဒီမှာ တိုက်ပွဲထဖြစ်တော့ ကျွန်တော်တို့ကို ပြန်မလွတ်ပေးတော့ဘူး” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုသည်။
ထိုစစ်ကြောင်းတွင် အင်အား ၁၅၀ ခန့်ပါရှိပြီး လူငယ်ပိုင်းအများစုဖြစ်ကာ ထားဝယ် ဒေသခံ စစ်ကောင်စီတပ်သား သုံးဦးပါဝင်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
မေလ ၃၀ ရက်တွင် ဖမ်းထားသည့် ဒေသခံ ၁၅ဦးကို ပြန်လွှတ်ခဲ့ပြီးနောက် စစ်ကြောင်းသည် ဘုလယ်ဒေသအနီးရှိ တောကြောင်းအတိုင်း စစ်ကြောင်းထိုးကာ ဆက်လက်ထွက်ခွာသွားကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။