လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်သောကြောင့် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံးသုံးဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၃၀ ရက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် လောင်းလုံးမြို့ပေါ် ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲကြောင်း မြို့ခံတစ်ဦးက ပြောသည်။
နေအိမ်ပေါ်ရှိနေသည့် သားအဖနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး နှစ်ဦးစလုံးသေဆုံးကြောင်း ၎င်းက ဆိုသည်။
“ပြည်တော်သာလမ်းထဲက သားအဖနှစ်ယောက်သေသွားတယ်ဗျ။ သူတို့က လုံခြုံတဲ့နေရာမှာ နေကြတာပဲ။ ပစ်သံတွေ ခဏငြိမ်သွားတဲ့အချိန်မှာ ထမင်းချက်ဖို့ဆိုပြီး ထွက်လာတဲ့အချိန် လက်နက်ကြီးကျသွားတာ။ သမီးကတော့ ပွဲချင်းပီးသွားတယ်လို့ကြားတယ်။ သူ့အဖေကတော့ နောက်မှသေသွားတာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
မေလ ၃၁ ရက်တွင်မူ ညင်းမော်ကျေးရွာအနောက်ဘက် ဆီအုန်းတောအစပ်ရှိ ဈေးအနီးသို့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။
ယင်းလက်နက်ကြီးကျည်စထိမှန်သဖြင့် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးကြောင်း ၎င်းတို့က ပြောသည်။
“ကလေးတွေ ဆီအုန်းတောထဲမှာ ဆော့ကစားနေတဲ့အချိန် လက်နက်ကြီးလာကျတာ။ ဝမ်းဗိုက်ပွင့်ထွက်သွားတယ်” ဟု အလောင်းအား မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာသွားလမ်းပိုင်းရှိ လက်ခတ်တောင်စစ်ကောင်စီတာဝါကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က မေလ ၃၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မေလ ၃၁ ရက်တွင်မူ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို တိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။
စစ်ကောင်စီတပ်ကမူ ထားဝယ်မြို့ပေါ်မှ တာဝေးပစ်အမြောက်ကြီးများသုံးကာ ပစ်ကူပေးလျက်ရှိသည့်အပြင် လောင်းလုံးအနောက်ဘက် ပင်လယ်ထဲရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးလျက်ရှိသည်။
မြို့အနီးဝန်းကျင်ရှိ ဒေသခံများမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးများ တောက်လျှောက်ပစ်ခတ်ခံနေရသဖြင့် မိုးထဲလေထဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလော လောင်းလုံးမြို့အနီးဝန်းကျင်တွင် စစ်ရေးတင်မားနေဆဲဖြစ်သောကြောင့် သေဆုံးသူတို့၏ ကိုယ်ရေး အချက်အလက်များကို တိတိကျကျသိရှိရန် ခက်ခဲလျက်ရှိသည်။