BREAKING
May 1, 2025

ရွှေ့ပြောင်းရေလုပ်သားသမဂ္ဂဖွဲ့ခွင့်နှင့် လွတ်လပ်စွာပါခွင့်ပေးရန် ထိုင်းအစိုးရကို တောင်းဆို

May 1, 2025

ဓာတ်ပုံ - FRN

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းရေလုပ်သားများ လွတ်လပ်စွာသမဂ္ဂဖွဲ့ခွင့်နှင့် သမဂ္ဂများတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးရန် ထိုင်းအစိုးရကို ရနောင်းမြို့အခြေစိုက် ရေလုပ်သားအခွင့်အရေးကွန်ရက်က တောင်းဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည့် ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါကွန်ရက်တွင် မြန်မာရွှေ့ပြောင်းရေလုပ်သားများအပြင် ကမ္ဘောဒီးယား ရေလုပ်သားများပါဝင်ပြီး စုစုပေါင်း ရေလုပ်သား လေးထောင်ကျော်ပါဝင်ပြီး ရေလုပ်သားအခွင့်အရေးရရှိရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းဖြစ်သည်။

လက်ရှိတွင် ထိုင်းအစိုးရက အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ သဘောတူညီချက် ၈၇ နှင့် ၉၈ တို့ကို လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း ရေလုပ်သားအခွင့်အရေးကွန်ရက် (FRN) ၏ အလုပ်အမှုဆောင် ဦးရဲသူက ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းရေလုပ်သားများမှာ သမဂ္ဂဖွဲ့ခွင့်နှင့် သမဂ္ဂတွင် လွတ်လပ်စွာပါဝင်ခွင့်ဆုံးရှုံးနေရကြောင်း ၎င်းက ဆိုသည်။

ထိုသို့ပါဝင်ခွင့်မရခြင်း၏ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံ၏ ခေတ်နောက်ကျနေသည့် အလုပ်သမားဥပဒေများက နိုင်ငံတကာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ချိုးဖောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေးနေ့) တွင် ယင်းကဲ့သို့ ထုတ်ပြန်တောင်းဆိုရခြင်းဖြစ်ကြောင်း ဦးရဲသူက ပြောဆိုသည်။

ရေလုပ်သားများ သမဂ္ဂဖွဲ့ခွင့်နှင့် အခြားသမဂ္ဂများတွင် ပါဝင်ခွင့်ရပါက ဗဟုသုတနှင့် အတွေ့အကြုံများ ပိုရလာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နောက်ပြီးတော့ သူတို့ရဲ့လုပ်ငန်းခွင်အခြေအနေတွေလည်း ပိုပြီးတော့တိုးတက်လာပြီးတော့ (ရေလုပ်သားတွေ) သူတို့ရဲ့ အခွင့်အရေးတွေအတွက် သူတို့ကိုယ်တိုင် သူတို့ကိုယ်သူတို့ အားကိုးပြီးတော့ ကာကွယ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ခြင်း ဖြစ်တယ်” ဟု ဦးရဲသူက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတစ်ခွင်တွင် ပင်လယ်ငါးဖမ်းလုပ်ငန်း အများအပြားရှိပြီး မြန်မာရေလုပ်သား ထောင်ပေါင်းများစွာ လုပ်ကိုင်နေကြသည်။

အဆိုပါငါးဖမ်းလှေများက ဖမ်းဆီးရရှိသည့် ငါးများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနေသည့်အတွက် ရေလုပ်သားများ၏ ဘေးကင်းလုံခြုံမှု၊ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိမှုက အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိကြောင်း ဦးရဲသူက ရှင်းပြသည်။

“ကျွန်တော်တို့လူတွေက အဓိကကွင်းဆက်ကြီးမှာ အဓိကလူတွေဖြစ်တဲ့အထိုက်အလျောက် အလုပ်သမားအခွင့်အရေးတွေ လုပ်အားခ ခံစားခွင့်တွေ၊ လူမှုဖူလုံရေးခံစားခွင့်တာတွေနဲ့ပတ်သက်ပြီးတော့ ရသင့်ရဖို့အတွက် ထိုက်တန်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၇ သန်းဝန်းကျင်ရှိသည့်အနက် ငါးဖမ်းရေလုပ်သားမည်မျှရှိသည်ကိုမူ ခန့်မှန်းစာရင်း ကောက်ယူထားခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထိုင်း-မြန်မာနယ်စပ် ပင်လယ်ပြင်ထဲတွင် ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းငါးဖမ်းလှေတစ်စီး အပါအဝင် ထိုင်းငါးဖမ်းလုပ်သား လေးဦးနှင့် မြန်မာငါးဖမ်းလုပ်သား ၂၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် ထိုင်းငါးဖမ်းလှေလုပ်သား လေးဦးကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း မြန်မာငါးဖမ်းလုပ်သားများမှု ထောင်ချခံထားရဆဲဖြစ်သည်။

အဆိုပါ မြန်မာရေလုပ်သားများ၏ မိသားစုဝင်များမှာ ငါးဖမ်းလှေပိုင်ရှင် သို့မဟုတ် ထိုင်းအစိုးရ၏ ထောက်ပံ့မှု တစ်စုံတစ်ရာ မရကြဘဲ အခွင့်အရေးဆုံးရှုံးနေကြကြောင်း ဖမ်းဆီးခံရေလုပ်သားများ၏ မိသားစုဝင်များထံမှ သိရသည်။