မြိတ်မြို့နယ် မော်တောင်ရွာတွင် ငါးသွားဖမ်းသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။
အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဧပြီလ ၂၉ရက်တွင် ၅နှစ်အရွယ် သားဖြစ်သူနဲ့အတူ ငါးဖမ်းထွက်ရာက ကမ်းပေါ်မှ ချောင်းထဲသို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ရေထဲပြုတ်ကျတော့ သူသားက သူ့ဘ (အဖေ) ပြန်မပေါ်လာနိုင်ရ (ဘူး) ဆိုပြီး ရွာထဲဝင်ပြီး လူတွေသွားခေါ်ပြီး ပြန်လာတော့ သေနေပြီ” ဟု ၎င်းက ပြောဆိုသည်။
ရေနစ်သေဆုံးသွားသည့် ကိုပြည့်ဖြိုးအောင်သည် ငါးဖမ်းမထွက်မီ အရက်သောက်ထားသဖြင့် မူးနေကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
“ငါးဖမ်းသမားဆိုတော့ ရေကူးတတ်တာပေါ့။ ဒါပေမဲ့ အရက်ကလည်းမူးနေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် မြိတ်မြို့ရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံက သိရသည်။