နောက်လာမည့် ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုတွင် ဇာတ်နိမ့်ဇာတ်မြင့် အချက်အလက်များ ထည့်သွင်းကောက်ယူသွားတော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သတင်းအချက်အလက်ရေးရာ ဝန်ကြီး Ashwini Vaishnaw က ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းကြောင့် ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးနှင့် လူမှုစီးပွားရေးအရ ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ခြေရှိသည်။
အိန္ဒိယနိုင်ငံတွင် ပြည်လုံးကျွတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုကို ဆယ်နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ ၂၀၂၁ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရမည်ဖြစ်သော်လည်း ကိုဗစ် -၁၉ ကပ်ရောဂါနှင့် အခြားစီမံခန့်ခွဲမှုအခက်အခဲများကြောင့် လက်ရှိအချိန်အထိ ရွှေ့ဆိုင်းထားရဆဲ ဖြစ်သည်။
လာမည့် သန်းခေါင်စာရင်းကောက်ယူမှုကို မည်သည့်အချိန်တွင် စတင်မည်ဆိုသည်ကိုမူ ဝန်ကြီး Ashwini Vaishnaw က ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။
သန်းခေါင်စာရင်းတွင် ဇာတ်နိမ့်ဇာတ်မြင့်အချက်အလက်များကို ထည့်သွင်းကောက်ယူရန် ဆုံးဖြတ်ချက်မှာအိန္ဒိယနိုင်ငံနှင့် အိန္ဒိယလူ့အဖွဲ့အစည်း၏ စံတန်ဖိုးနှင့် အကျိုးစီးပွားများအပေါ် ဗဟိုအစိုးရ၏ အလေးအနက်ထားမှုကို ပြသနေသည်ဟု ၎င်းက ဆိုသည်။
ဖွံဖြိုးပြီးနိုင်ငံအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသည့် နိုင်ငံတစ်ခုတွင် အဆိုပါ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုမျိုး မရှိသင့်တော့ဟု အချို့က ဆိုသည်။သို့သော် အိန္ဒိယနိုင်ငံ၏ လူမှုဘဝနှင့် နိုင်ငံရေးနယ်ပယ်တွင် ဇာတ်စနစ်သည် အရေးပါနေဆဲ ဖြစ်သည်။
အိန္ဒိယနိုင်ငံသားများ၏ လူမှုစီးပွားအဆင့်အတန်းနှင့် ဇာတ်နိမ့်ဇာတ်မြင့် ဦးရေကို ဖော်ပြထားသော ကိန်းဂဏန်းများမှာ အကန့်အသတ်နှင့်သာ ရှိသည်။
ဗြိတိသျှကိုလိုနီခေတ် ၁၈၇၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံး ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုကို ပြုလုပ်ခဲ့ပြီး ၁၉၃၁ ခုနှစ်အထိ ဇာတ်နိမ့်ဇာတ်မြင့် လူဦးရေကိုပါ ထည့်သွင်းကောက်ယူခဲ့သည်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစကာ ယင်းသို့ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြား ကောက်ယူမှု မရှိတော့သည့်အတွက် လာမည့်ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ ဇာတ်နိမ့်ဇာတ်မြင့်ဦးရေကို လွတ်လပ်ရေးပြီးနောက် ပထမဆုံးအကြိမ် ထည့်သွင်းကောက်ယူမှု ဖြစ်လာမည်ဖြစ်သည်။
Source: The Independent