BREAKING
May 1, 2025

ထားဝယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

May 1, 2025

ထားဝယ်မြို့တွင် စိတ်ဝေဒနာသည်အမျိုးသမီးကြီးတစ်ဦး ယနေ့ နံနက်ပိုင်းတွင် နေအိမ်၌ ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများထံမှ သိရှိရသည်။

ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် အိမ်သားများ မရှိသည့်အချိန် နေအိမ်၌ ဆွဲကြိုးချသေဆုံးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“စိတ်ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြနေရတယ်။ အရင်ကလည်း ဒီလို သတ်သေဖို့ကြိုးစားခဲ့ဖူးတယ်၊ လူမိသွားလို့။ အခုက လူမရှိတုန်းဖြစ်သွားတာ” ဟု ၎င်းပြောသည်။

သေဆုံးသူအမျိုးသမီးကြီးရဲ့ရုပ်အလောင်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် အရေးပေါ်ကားများဖြင့် ဆေးရုံသို့ လာရောက်သယ်ယူသွားကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း ကော့သောင်းမြို့နယ်၊ ချန်ဖမ်းရွာတွင် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူကို သတ်ပြီး ယင်းနောက် ၎င်းကိုင်တိုင်လည်း ကြိုးဆွဲချသတ်သေခဲ့သည်။