BREAKING
May 22, 2025

မောရဝတီရေတပ်က လမ်းပြအဖြစ်ဖမ်းခေါ်သွားသည့် ရွာသားနှစ်ဦး ပြန်လွတ်

May 1, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာတွင် မောရဝတီရေတပ်က တပ်ဖွဲ့ဝင်များ စစ်ကြောင်းပြန်ထွက်စဥ် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံနှစ်ဦး ဧပြီလ ၃၀ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။

ကျောက်ထရံရွာသား ဦးသန်းသန်းနှင့် ဖြူနပ်ရွာသား ကိုနိုင်နိုင်တို့သည် ဧပြီလ ၇ ရက်က စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရပြီး ရက်သတ္တပတ် သုံးပတ်ကျော်ကြာ မောရဝတီရေတပ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့ (ဧပြီ ၃၀) နေ့လယ်ပိုင်းမှာ နှစ်ယောက်စလုံး ရွာပြန်ရောက်လာတယ်။ ရိုက်နှက်ခံရထားမျိုးတွေတော့ မရှိဘူး။ စစ်တပ်က လမ်းပြခေါပြီး သတင်းပေါက်မှာစိုးလို့ ပြန်မလွှတ်ဘဲ ထားထားတာမျိုးပါ” ဟု ကျောက်ထရံရွာသားတစ်ဦးက ပြောသည်။

အဆိုပါဒေသခံနှစ်ဦးအနက် တစ်ဦးမှာ စျေးရောင်းပြီး ကျန်တစ်ဦးမှာ ငါးပိုက်လှေလိုက်သူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီကျေးရွာအုပ်စုသို့ မတ်လ ၂၉ ရက်တွင် ပယရွာဘက်မှ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ဧပြီလ ၈ ရက်တွင် ကျောက်ထရံရွာဘက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဖြူမြို့နယ်၊ ကလိန်အောင် – ကံပေါက်လမ်းတွင် ဖေဖော်ဝါရီလ ၆ ရက်က ဖုန်းစစ်ဆေးခံရပြီး မောရဝတီရေတပ်တွင် အဖမ်းခံရထားသည့် ဖားချောင်းကျေးရွာအုပ်စုမှ ရွာသားတစ်ဦးလည်း မတ်လကုန်ပိုင်းတွင် ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။