BREAKING
May 1, 2025

ထားဝယ်-ပုလော ရေလမ်းဖြင့် ခရီးသွားမည့်သူများ သတင်းပို့ပြီးမှသွားရန် KNU သတိပေး

May 1, 2025

ပုံစာ - ရေလမ်းဖြင့် ခရီးသွားရန်စောင့်ဆိုင်းနေသူများ။

ထားဝယ်-ပုလောမြို့တို့သို့ ရေလမ်းခရီးဖြင့် သွားလာနေမှုများကို လျှော့ချပြီး မဖြစ်မနေသွားရမည်ဆိုပါက ဖုန်းဆက် အသိပေးပြီးမှ သွားလာကြရန်KNU တပ်မဟာ ၄၊ အထူးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ထားဝယ်-ပုလော- မြိတ်- ကော့သောင်းမြို့တို့ကို ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲတွင် စစ်ရေးတင်းမာလျက်ရှိသဖြင့် ကုန်းလမ်းဖြင့် ခရီးသွားမရဘဲဖြစ်နေသည်။

ယင်းအတွက်ကြောင့် ပြည်သူများမှာ လက်ရှိတွင် ရေလမ်းခရီးကို အားထားပြီးသွားလာနေကြရသည်။

စစ်ကောင်စီတပ်ကလည်း ကုန်လမ်းဖြင့် မသွားတော့ဘဲ ရေလမ်းကိုပင် အသုံးပြုပြီး သွားလာလှုပ်ရှားမည်ဟု သတင်းရထားကြောင်း KNU တပ်မဟာ ၄၊ အထူးတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်ပျံလွှားက ပြောသည်။

“စစ်ကောင်စီတပ်က ကုန်းလမ်းကနေ သွားလို့မရတော့ ရေလမ်းကနေ သွားတဲ့အချိန် ကျွန်တော်တို့နဲ့ တွေ့ရင်ပစ်မှာပဲ။ အဲဒီလိုမျိုး အခြေအနေတွေရှိလို့ ပြည်သူတွေသတိပေးထားတာပါ” ဟု ဗိုလ်ပျံလွှားက ပြောသည်။

စစ်ကောင်စီတပ်က ရေလမ်းအသုံးပြုသွားလာလှုပ်ရှားနေသည့်အချိန်တွင် ပြည်သူများအနေဖြင့် ရေလမ်းကြောင်း အသုံးပြုသွားလာ‌ခြင်းကို လျှော့ချပေးရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျန်းမာရေးကိစ္စကဲ့သို့သော မဖြစ်မနေ ရေလမ်းဖြင့် သွားလာရမည်ဆိုပါက မှားယွင်းပစ်ခတ်မှုများ မဖြစ်လာစေရန် ၀၉၂၆၆၈၇၃၈၈၇၊ ၀၉၄၅၅၂၈၉၉၇၇ ဖုန်းနံပါတ်တို့ထံ ကြိုတင်ဆက်သွယ်အသိပေးပြီးမှ သွားလာကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူနာရှိလို့လား၊ အပျော်အပါး သွားတာလား၊ မဖြစ်မနေ အရေးကြီးကိစ္စရှိလို့ သွားတာလားဆိုတာမျိုး သတင်းပို့ပြီးသား ဖြစ်တဲ့အချိန်မှာ တခြားလက်နက်ကိုင်အဖွဲ့တွေကို အကြောင်းကြားပေးလို့ရအောင် သတင်းပို့ခိုင်းတာပါ။ ကျွန်တော်တို့ဆီကို သတင်းမပို့ဘူးဆိုရင် ကျွန်တော်တို့ကလည်း အခြားလက်နက်ကိုင်အဖွဲ့တွေကို သတင်းပို့လို့မရဘူး။ အဲဒီအချိန်မှာ အမှားအယွင်းတွေ ဖြစ်မှာစိုးရိမ်လို့ပါ” ဟု ဗိုလ်ပျံလွှားက ပြောဆိုသည်။

မေလကုန်သည်အထိ ယင်းစည်းကမ်းချက်များကို လိုက်နာပေးရန်လိုပြီး ကြိုတင်အကြောင်းကြားပြီး ခရီးသွားမည်ဆိုပါက ပြည်သူများ အန္တရာယ်ကင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ထားဝယ်မြို့နယ် စစ်ကောင်စီထီးထဗျူဟာကုန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထားဝယ်ခရိုင်တွင် စစ်ရေးတင်းမာလျက်ရှိသည်။

စစ်ကောင်စီတပ်သည်လည်း ထားဝယ်ခရိုင်ထဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသဖြင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှုများ ရှိနေသည်။