ထားဝယ်တွင် နှစ်လအကြာပိတ်ထားသည့် မယ်ဒီလန်း ပုဂ္ဂလိကဆေးရုံသည် ယနေ့ မေလ ၁ရက်တွင် ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။
မယ်ဒီလန်းဆေးရုံကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ ရက်အထိ နှစ်လအကြာ ဆေးရုံပိတ်ထားခဲ့ရာမှ ယနေ့ ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။
မယ်ဒီလန်းဆေးရုံနှင့်အတူ ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံတို့မှာလည်း အတွင်းလူနာ အပြင်လူနာ လက်ခံကုသခြင်းများကို မတ်လ ၁ ရက်တွင် စတင်ရပ်နားခဲ့သည်။
သို့သော် ဆာဒိုဝါးဆေးရုံမှာမူ တစ်လကြာရပ်နားပြီးနောက် ဧပြီလ ပထမပတ်တွင် စတင် လူနာလက်ခံကုသနေကြောင်း စုံစမ်းသိရသည်။
အေး ဆေးရုံမှာမူ ယနေ့အထိ ဆေးရုံပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
“အေး ဆေးရုံက မဖွင့်သေးဘူး။ ရှေ့မှာ ချိတ်ထားတဲ့ ဆေးရုံပိတ်ကြောင်း ရေးထားတဲ့စာပြား အခုထိရှိသေးတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ ပြောသည်။
CDM ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများခန့်ထားသည်ဟုဆိုကာ ရန်ကုန်၊ မန္တလေး နှင့် ထားဝယ်မြို့များရှိ ပုဂ္ဂလိက ဆေးရုံ ၂၀ ဝန်းကျင်ကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လမှစတင်ပြီး လုပ်ငန်းရပ်နားထားစေခဲ့သည်။
ထားဝယ်မြို့တွင် အပိတ်ခံရသည့် ပုဂ္ဂလိကဆေးရုံသုံးရုံအနက် အရေးယူထားသည့်ကာလပြည့်ပြီဖြစ်သည့် မယ်ဒီလန်း ဆေရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီး ဆာဒိုဝါးဆေးရုံကိုမူ အပြင်လူနာ ကုသခွင့်ပြုထားကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။