BREAKING
May 1, 2025

ထိုင်းတွင် ကျောင်းသားဗီဇာများအား ပိုတင်းကျပ်မည့်အချက်များကို ထုတ်ပြန်

May 1, 2025

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအတွက် ခွင့်ပြုပေးထားသော ကျောင်းသားဗီဇာများကို ပိုမိုတင်းကျပ်မည့် အချက်ငါးချက်ကို ထုတ်ပြန်လိုက်ကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။

အဆင့်မြင့်ပညာဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ဧပြီလ ၃၀ ရက်က အစည်းအဝေးပြုလုပ်ပြီးနောက် ကျောင်းသားဗီဇာများအပေါ် ပိုတင်းကျပ်မည့်အချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံထဲတွင် ကျောင်းသားဗီဇာ (ED Visa) ကို အလွဲသုံးစားပြုလုပ်၍ တရားမဝင် နေထိုင်လုပ်ကိုင်သူ ပိုများလာသည်ဆိုကာ ဗီဇာခွင့်ပြုပေးမှုအပေါ် ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်။

ပထမအချက်မှာ သင်တန်းပရိုဂရမ်များနှင့် ပတ်သက်၍ အချက်အလက်အားလုံးကို သက်ဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်များဘက်က အဆင့်မြင့်ပညာဝန်ကြီးဌာနထံ တင်ပြရမည်ဖြစ်သည်။

သင်တန်းကျောင်းများ၏ သင်တန်းအမည်၊ သင်တန်းနှင့်သက်ဆိုင်သော ကောလိပ်တက္ကသိုလ်၊ သင်ရိုး၊ သင်ပြနည်း (အွန်လိုင်း၊ လူကိုယ်တိုင်) ၊ သင်တန်းကာလနှင့် ကျောင်းသားအရေအတွက်များကိုပါ အဆင်မြင့်ပညာဝန်ကြီးဌာနဘက်က စစ်ဆေးသွားမည်ဖြစ်သည်။

နောက်တစ်ချက်မှာ ကျောင်းသားများ၏ ကျောင်းခေါ်ချိန်နှင့် Assignment ကဲ့သို့ သင်ယူလေ့လာမှုကိုလည်း စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ထပ် ကျောင်းသားများနှင့် ပတ်သက်၍ လစဉ်အစီအရင်ခံစာကို ကောလိပ်တက္ကသိုလ်များဘက်က အဆင့်မြင့်ပညာဝန်ကြီးဌာနထံ တင်ပြသွားရမည်ဖြစ်သည်။

လစဉ်အစီအရင်ခံစာထဲတွင် ကျောင်းအပ်မှု၊ ကျောင်းရပ်နားမှုများလည်း ပါဝင်မည်ဖြစ်ပြီး ယင်းအချက်ကို လိုက်နာမှုမရှိသော ကျောင်းသားများအား ဗီဇာရုပ်သိမ်းရန် အထောက်အကူဖြစ်စေနိုင်ကြောင်း ဖော်ပြသည်။

နောက်တစ်ချက်မှာ အဆင့်မြင့်ပညာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သော ကောလိပ်၊ တက္ကသိုလ်များသည် ၎င်းတို့ သီးသန့်ဖွင့်လှစ်ထားသော ပရိုဂရမ်အားလုံးကို ရပ်နားခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

နောင်ထပ်လည်း ဖွင့်ခွင့်မရသည်အထိ အရေးယူခြင်းခံရမည်ဖြစ်သည်။

နောက်ဆုံးအချက်မှာ အကယ်၍ လဝကဌာနဘက်က သင်တန်းကျောင်းများနှင့် ပတ်သက်၍ မသင်္ကာစရာ အချက်အလက် များကို စစ်ဆေးတွေ့ရှိပါက ထပ်မံစုံစမ်းစစ်ဆေးနိုင်ရေး အဆင့်မြင့်ပညာဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားရန် ဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သော လပိုင်းက တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများသည် ကျောင်းသားဗီဇာများကို အလွဲသုံးစား ပြုလုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲ ကျောင်းသားဗီဇာများကို တင်းကျပ်မှုများ ပိုလုပ်ဆောင်လာနေခြင်းဖြစ်သည်။