အခက်အခဲဒုက္ခရောက်နေသော မြန်မာအလုပ်သမားများ ခိုလှုံရာလည်းဖြစ်၊ အလုပ်သမားအရေးဆောင်ရွက်သည့် ရုံးလည်း ဖြစ်သည့် AAC မဟာမိတ်အဖွဲ့ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့ မေလ ၁ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အတင်းအဓမ္မဝင်ရောက်ဖြိုဖျက်ကြောင်း AACမဟာမိတ်အဖွဲ့ထံမှ သိရသည်။
AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် နှစ် ၁၀ ခန့် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးကို ပိတ်ပေးရန်နှင့် နှစ်လအတွင်း ရုံးကို ဖြိုဖျက်ပေးရန် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထိုင်းအာဏာပိုင်အဖွဲ့က အမိန့်စာထုတ် ညွှန်ကြားထားသည်။
ညွှန်ကြားစာထုတ်ပြီး နှစ်လအကြာ ဧပြီလ ၂၃ ရက်တွင် အာဏာပိုင်များက AAC မဟာမိတ်ရုံးကို ထပ်မံရောက်ရှိလာပြီး ရုံးကို အပြီးပိတ်၍ ဖြိုဖျက်ပေးရန် ထပ်မံညွှန်ကြားခဲ့ကာ ရုံး၏ ရေနှင့် မီးကို ဖြတ်တောက်ခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ယင်းနောက် ယနေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် AAC မဟာမိတ်ရုံးထဲသို့ ထိုင်းအာဏာပိုင်များ အတင်းအဓမ္မ ဝင်ရောက်လာပြီး ရုံးအဆောက်အအုံများကို ဖြိုဖျက်ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။
“သူတို့က အတင်းဝင်လာပြီး ဖြိုတာပေါ့ဗျာ။ ဖြိုပြီး အထဲက ပစ္စည်းတွေကိုပါ ယူသွားပြီး သိမ်းမယ်လို့ ပြောတယ်။ အလုပ်သမားတွေကို အတူတူစုထားပြီး ကူညီပေးနေတာမျိုးက သူတို့ဘက်က ကြည့်ရင် တရားမဝင်ဘူးပေါ့။ ထိုင်းအစိုးရကိုယ်တိုင်က လာဖြိုတာဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှ မတတ်နိုင်ဘူး။ လက်ရှိကတော့ ကျွန်တော်တို့ ရဲစခန်းမှာ သွားတိုင်ပြီး ဖြိုနေတာကိုတော့ ရပ်ခိုင်းထားတယ်” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ရဲစခန်းတွင် တိုင်ကြားပြီးနောက် ထိုင်းအာဏာပိုင်များက AAC မဟာမိတ်ဂေဟာကို အတင်းဖြိုဖျက်နေသည်ကို ရပ်ဆိုင်းခဲ့ကြောင်း ဦးခိုင်ကြီးက ဆိုသည်။
ဥပဒေအရ AAC မဟာမိတ်ရုံးကို ဖြိုဖျက်ပေးရမည်ဖြစ်သဖြင့် လာမည့် တနင်္ဂနွေနေ့တွင် ကိုယ်တိုင်ဖြိုဖျက် ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အမိန့်စာထုတ်ခံရပြီး နှစ်လအတွင်း AAC မဟာမိတ်ရုံးကို မပိတ်သိမ်းရရေးအတွက် ထိုင်းတရားရုံးတွင် အယူခံဝင်ထား သော်လည်း ထိုင်းအာဏာပိုင်များက ရုံးကို အပြီးပိတ်သိမ်းစေရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။
လက်ရှိ ရုံးတွင် ခိုလှုံနေဆဲဖြစ်သော လုပ်ငန်းခွင် ကိုယ်အင်္ဂါထိခိုက်ထားသူများကိုလည်း အခြားနေရာသို့ ပြောင်းရွှေ့ ပေးရတော့မည်ဖြစ်သဖြင့် ၎င်းတို့အတွက် ပိုမိုဒုက္ခရောက်လာနိုင်ကြောင်း AAC ထံမှ သိရသည်။
ယခင်က AAC ရုံးသည် လုပ်ငန်းခွင် ကိုယ်အင်္ဂါထိခိုက်သူများ၊ အသက်ဆုံးရှုံးသူများ၏ မိသားစုဝင်များ၊ MoU စနစ်ဖြင့် စေလွှတ်ထားပြီး အလုပ်မရရှိဘဲ အခက်အခဲဖြစ်နေသူ၊ လုပ်အားခ မရရှိသူများ၊ အလုပ်ထုတ်ခံရသူများ၊ သက်ကြီးရွယ်အိုများ ခိုလှုံကြခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
၎င်းတို့နှင့် ပတ်သက်၍ အမှုရင်ဆိုင်နေသည့် ကာလသည် လနှင့်ချီကြာမြင့်သည်ဖြစ်ရာ ရုံးက ကူညီမှုကြောင့် အမှုများ ဆက်လက်ရင်ဆိုင်နိုင်ပြီး အနိုင်ရရှိမှု ပိုများခဲ့ကြောင်း ဦးခိုင်ကြီးက ပြောသည်။
အကယ်၍ AAC မဟာမိတ်အဖွဲ့တွင် အလုပ်သမားများ ခိုလှုံရန် ရုံးအတည်တကျ မရှိပါက ရက်ရှည်ကူညီရမည့် အမှုများအတွက် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နစ်နာကြေးအမှုတွေက ခဏနဲ့ ပြီးသွားတာ မဟုတ်ဘူး။ လနဲ့ချီကြာလို့ စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်ရတာမျိုးဆိုတော့ သူတို့ ခိုလှုံဖို့ ရုံးသာ အတည်တကျမရှိဘူးဆို အမှုတွေက ပြီးပြတ်သွားတဲ့အထိ စောင့်နိုင်ဖို့ ပိုစိတ်ရှည်ရမယ်ပေါ့။ သူတို့ကိုယ်တိုင် အခန်းငှားရမယ်။ ကုန်ကျစရိတ် ပိုများလာမယ်ဆိုရင် အလုပ်သမားတွေ ရေရှည်တောင့်ခံနိုင်မှ ရမယ်” ဟု ဦးခိုင်ကြီးက ပြောသည်။
AAC မဟာမိတ်အဖွဲ့အနေဖြင့် ရုံးနှင့် အတည်တကျ မရှိပါကလည်း မြန်မာအလုပ်သမားအရေးနှင့် ပက်သက်၍ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။