ထိုင်းနိုင်ငံထဲတွင် Mobile Banking သုံးစွဲသူ၏ အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ပြန်လည်စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မိုဘိုင်းဖုန်းသုံးစွဲသူ၏ အမည်၊အချက်အလက်နှင့် မကိုက်ညီသော ဘဏ်အကောင့်များကို ပိတ်ပင်ခြင်းမပြုလုပ်မီ နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ထိုင်းအစိုးရဘက်က စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဒစ်ဂျင်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Prasert Jantararuangtong က ပြောသည်။
တိုက်ဆိုင်စစ်ဆေးမည့် ဖုန်းနံပါတ်များသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မှတ်ပုံတင်ထားသော ဖုန်းဆင်းကတ်များ အကျုံးဝင်မည်ဖြစ်သည်။
ယင်းဖုန်းနံပါတ်ပေါင်း ၇ သိန်းကျော်နှင့်အတူ မှတ်ပုံမတင်ထားသော ဖုန်းနံပါတ် ၁ ဒသမ ၈ သန်းကျော်ကိုလည်း ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ထိုင်းနိုင်ငံထဲ Mobile Banking သုံးစွဲသူများသည် လက်ရှိသုံးစွဲနေသော ဖုန်းနံပါတ်၏ မှတ်ပုံတင်ထားသော အမည်နှင့် ကိုက်ညီမှု ရှိရမည်ဖြစ်သည်။
ကိုက်ညီမှုမရှိသော ဖုန်းနံပါတ်များအနေဖြင့် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဘဏ်များသို့ သွားရောက်၍ အချက်အလက်များ ပြင်ဆင်ရမည်ဖြစ်သည်။
အချက်အလက်မကိုက်ညီသူများ ဧပြီလ ၃၀ ရက်နေ့အထိ ပြင်ဆင်ခြင်းမရှိပါက Mobile Banking အကောင့်များကို လာမည့် ဇွန်လထဲတွင် ယာယီရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။
အမည်အချက်အလက်ပြင်ဆင်ရမည့် ဘဏ်အကောင့်များကိုလည်း သက်ဆိုင်ရာ ဘဏ်များဘက်က ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ဖော်ပြသည်။
ဘဏ်ဘက်က အမည်၊အချက်အလက်များ ပြင်ဆင်ရန် အကြောင်းကြားခြင်း မခံရသော ဘဏ်အကောင့်များအနေဖြင့် Mobile Banking အကောင့်များကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
Ref: Bangkok post, Khaosod, The Nation Thailand