ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ လုပ်ငန်းရပ်ဆိုင်းလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်တွင် ယခင်က စက်သုံးဆီတစ်ဂါလံလျှင် ကျပ်တစ်သောင်းသုံးထောင်ဝန်းကျင်သာ ရှိခဲ့ရာမှ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ တစ်ဂါလံလျှင် ကျပ် ၆၀,၀၀၀ နီးပါးအထိ စျေးတက်သွားကြောင်း၊ ယင်းကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေမလောင်းနိုင်တော့ဘဲ တောင်သူအချို့ အလုပ်ရပ်နားထားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တချို့ကလည်း ဆိုလာနဲ့ ပြောင်းဆင်ကြတယ်။ မတတ်နိုင်တဲ့သူတွေကတော့ ဆေးခြံ (ဟင်းရွက်ခင်း) တွေကို ဒီအတိုင်း ပစ်ထားလိုက်ရတာပဲ” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးကာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။
ထို့ကြောင့် တောင်သူများအနေဖြင့် စက်သုံးဆီဝယ်ယူကာ မီးစက်ဖြင့် ရေမောင်းပြီး စိုက်ပျိုးနေခြင်းဖြစ်ရာ ကုန်ကျစရိတ်မှာ လေးဆနီးပါး မြင့်တက်လာသဖြင့် အခက်တွေ့နေကြရကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဒေသက မီးပြန်ရဖို့ သွားရောက်တောင်းဆိုထားတာတော့ ရှိတယ်။ ဒါပေမဲ့ ပြန်ပေး၊ မပေးဆိုတာတော့ မသေချာသေးဘူး” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၄၀ ခန့်၊ သရက်ချောင်းမြို့နယ်အောက်ပိုင်း စုံစင်ဖျားကျေးရွာမှ အောက်ဘက်အခြမ်းကျေးရွာများနှင့် ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်နေချိန်တွင် စက်သုံးဆီဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်လာသောကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို စွန့်လွှတ်လိုက်ရသည့် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။







