သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် ဖုန်းဆက်သွယ်ရေးလိုင်းနှင့် ကားလမ်းပိတ်ဆို့ ဖြတ်တောက်ထားမှု တစ်လကျော် ကြာမြင့်လာပြီဖြစ်၍ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များက မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ရန် စစ်ဆင်ရေးကာလအတွင်း သရက်ချောင်းမြို့နယ်အောက်ပိုင်း ပိတိုင်ရွာမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးရှိ ဆင်ထိုးကြီးရွာအထိ ဖုန်းဆက်သွယ်ရေးလိုင်းနှင့် ကားလမ်းကို ပိတ်ထားခြင်းဖြစ်သည်။
မြိတ်-ထားဝယ်ကားလမ်း ဖြတ်တောက်ထားသဖြင့် စစ်ရှောင်ပြည်သူများ မြို့ပေါ်သို့ သွားလာ၍မရသလို စားနပ်ရိက္ခာရောင်းချသည့် ကားများလည်း သရက်ချောင်းမြို့နယ်အောက်ပိုင်းသို့ ဆင်း၍မရသဖြင့် စားနပ်ရိက္ခာရှားပါးကာ စျေးကြီးပေးဝယ်ယူနေရကြောင်း ဒေသခံများကဆိုသည်။
ကားတစ်တန်၊ လှေတစ်တန်ခရီးဖြင့် သယ်ယူရောင်းချသူများထံမှ ဈေးကြီးပေး ဝယ်ယူနေရသည်ဟု ဝင်းဝစခန်းအနီးရှိ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့လည်း သူများရွာမှာ သွားရှောင်နေကြရတယ်။ ဖုန်းလိုင်းလည်းမရ၊ စားစရာလည်း ပြတ်လပ်နေပြီဆိုတော့ အခုက တခြားလမ်းကနေ ပတ်ပြီး ရိက္ခာထွက်ဝယ်ရတယ်။ ကျွန်တော်တို့ရွာက အိမ်တွေတော့ တစ်လုံးမှ သုံးစားမရတော့ဘူး။ မီးရှို့ခံရတာနဲ့ လက်နက်ကြီးကျလို့ မီးလောင်တာနဲ့ ကုန်ပြီ” ဟု အထက်ပါအမျိုးသားက ဆိုသည်။
ဖုန်းဆက်သွယ်ရေးလိုင်းများကို ဖေဖော်ဝါရီလ ၃ ရက်တွင် စတင်ဖြတ်တောက်ခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ပိတ်ထားခြင်းဖြစ်သည်။
စစ်ဘေးရှောင်နေရသည့် မိဘ၊ ညီအစ်ကိုမောင်နှမများကို ဖုန်းဆက်သွယ်၍ မရသဖြင့် ဘေးကင်းလုံခြုံရေးနှင့် စားဝတ်နေရေးကိစ္စရပ်များအတွက် များစွာစိတ်ပူနေရသည်ဟု ထိုင်းနိုင်ငံရောက် မိသားစုဝင်များက ဆိုသည်။
“မိဘတွေနဲ့လည်း ဘာမှမသိရဘူး၊ အဆက်အသွယ်လည်းမရဆိုတော့ စိတ်ပူနေတာပေါ့ရှင်။ မေးစားစမ်းစား(မေးမြန်းစုံစမ်း) နေရတာပဲ။ သူများရွာတွေဘက်မှာ နေနေကြရတာဆိုတော့ နေလို့၊ စားလို့ အဆင်ပြေရဲ့လားဆိုပြီး စိတ်ပူနေရတာပေါ့” ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဂုံညှင်းဆိပ်ရွာမှ စစ်ရှောင်မိသားစုဝင် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်ခံရမှု၊ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ဖမ်းဆီးသတ်ဖြတ်မှု၊ ကနက်သီရိပင်လယ်ပြင်တွင် ရပ်ထားသည့် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ မီးလောင်ပျက်စီးမှုရှိသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်မိသားစုဝင်များကဆိုသည်။







