ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်နေ၍ တကူရွာသားများ ဈေးမသွားရဲဟုဆို

April 1, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်မှုများ ရက်ဆက်ဆိုသလို လုပ်ဆောင်နေသဖြင့် တကူရွာဈေးတွင် ဈေးဝယ်သူ နည်းပါးလာကြောင်း ဒေသခံနှင့် ဈေးသည်များထံမှ သိရသည်။

မတ်လအတွင်းတွင် ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းမှ ကာမီကာဇေဒရုန်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့သဖြင့် တကူရွာဈေးတွင် ဈေးဝယ်သူနည်းပါးလာကြောင်း တကူရွာမှ ဈေးသည်တစ်ဦးက ဆိုသည်။

တကူရွာဈေးတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် မတိုက်ခိုက်ချိန်က နံနက်မှ ညနေအထိ ဈေးဝယ်သူများ လာရောက်ဝယ်ယူကြသော်လည်း ယခုအချိန်တွင် နံနက်ပိုင်းတွင်သာ ဝယ်သူများရှိကြောင်း ၎င်းက ဆိုသည်။

“ဒီလိုပါပဲ။ ရောင်းလိုက် ပြေးလိုက်နဲ့၊ စောစောပိုင်းတော့ နည်းနည်းရောင်းရတယ်။ ဈေးတွေက အရင်ကလို ရောင်းမကောင်းတော့ဘူး။ ဒရုန်းတွေ လာပြီးကတည်းက ဈေးဝယ်သူ နည်းလာတယ်” ဟု အထက်ပါ ဈေးသည်က ပြောသည်။

စစ်အာဏာရှင်တပ်၏ ဒရုန်းကို ကြောက်သဖြင့် ရွာထဲတွင် လှည့်လည်ရောင်းချသည့် ဈေးဆိုင်ကယ်များတွင်သာ ဝယ်ယူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဈေးသို့သွားပြီး ဝယ်ယူပါက အမြန်ဝယ်ပြီး ပြန်ရကြောင်းနှင့် ဈေးဝယ်နေချိန် ဒရုန်းလာပါက ပြေးရသဖြင့် ဈေးဆိုင်ကယ်များတွင်သာ ဝယ်ယူခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရင်ကလိုတော့ စိတ်အေးလက်အေး မဝယ်ရဘူးပေါ့။ ဈေးမှာ သွားဝယ်ရင် ပြေးရတာက များတယ်။ အိမ်နားလာရောင်းတဲ့ ဈေးသည်တွေဆီမှာပဲ ဝယ်ဖြစ်တော့တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က မတ်လ ၁၀ ရက်၊ ၁၆ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် တကူရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။