ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အပစ်အခတ်ရပ်ပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရန် တရုတ်နှင့် ပါကစ္စတန်တောင်းဆို

April 1, 2026

ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးတွင် ချက်ချင်းအပစ်အခတ်ရပ်စဲပြီး ဟော်မုဇ်ရေလက်ကြား အတွင်း ပုံမှန်ရေကြောင်းသွားလာမှု ပြန်စတင်နိုင်ရန် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့က မတ်လ ၃၁ ရက်တွင် တောင်းဆို တိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်း၌ အင်္ဂါနေ့တွင် တွေ့ဆုံခဲ့ကြရာမှ ယင်းသို့ တောင်းဆိုတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်မြောက်စေရေး ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ပါကစ္စတန်က ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်းနှီးသည့်ဆက်ဆံရေး တည်ဆောက်ထားနိုင်သည့် ပါကစ္စတန်သည် အီရန်နှင့်လည်း ကာလရှည်ကြာ ဆက်ဆံရေးရှိပြီး ဘက်မလိုက်သည့် နိုင်ငံအဖြစ် နာမည်ကောင်းရှိခြင်းကြောင့် လက်ရှိအီရန်စစ်ပွဲတွင် အဓိက ကြားဝင်စေ့စပ်ပေးသူအဖြစ် ပေါ်ထွက်လာခဲ့သည်။

တရုတ်နှင့် ပါကစ္စတန်နှစ်နိုင်ငံ၏ အီရန်စစ်ပွဲအဆုံးသတ်ရေး အချက်ငါးချက်ပါ အဆိုပြုချက်တွင် တွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးနည်းလမ်းသည်သာ ပဋိပက္ခများကို ဖြေရှင်းရန် လက်တွေ့ကျသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နှင့် ပါကစ္စတန်နှစ်နိုင်ငံအနေဖြင့် သက်ဆိုင်သူများအကြား ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန် ထောက်ခံအားပေးပြီး ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဘက်အားလုံးက ကတိကဝတ်ပြုသင့်ကြောင်း ယင်းအဆိုပြုချက်တွင် ဖော်ပြထားသည်။

အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမျိုးသားလွတ်လပ်ရေးနှင့် လုံခြုံရေး တို့ကို ကာကွယ်စောင့်ရှောက်ရမည်ဟုလည်း ဖော်ပြပါရှိသည်။

အရပ်သားများ၊ အရပ်ဘက် အခြေခံအဆောက်အအုံများနှင့် ငြိမ်းချမ်းစွာအသုံးပြုနေသော အဏုမြူစွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ပေးရန်လည်း တောင်းဆိုထားသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း အရပ်ဘက်နှင့် ကုန်သွယ်သင်္ဘောများ ဘေးကင်းစွာ အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေး အတွက် စီစဉ်ပေးရန် တရုတ်နှင့် ပါကစ္စတန်က တောင်းဆိုကြောင်း ယင်းအဆိုပြုချက်တွင် ဖော်ပြထားသည်။

Source: Reuters