ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲ နှစ်ပတ်၊ သုံးပတ်အတွင်း အဆုံးသတ်နိုင်ဟု ထရမ့် ဆိုပြန်

April 1, 2026

အီရန်အပေါ် ၎င်းတို့၏ စစ်ဆင်ရေးများကို နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၃၁ ရက်နေ့တွင် ပြောဆိုလိုက်ပြန်သည်။

လက်ရှိ ပဋိပက္ခများ လျော့ပါးရပ်တန့်သွားရေးအတွက် အီရန်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ရယူစရာ မလိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

အီရန်စစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များမှာ မကြာခဏ ပြောင်းလဲနေပြီး ရှေ့နောက်မညီ ဖြစ်နေကြောင်း ယခု နောက်ဆုံးထွက်ပေါ်လာသည့် သမ္မတထရမ့်၏ မှတ်ချက်က မီးမောင်းထိုးပြနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲမှာ လက်ရှိတွင် ရက်သတ္တပတ်ငါးပတ်ထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

အီရန်စစ်ပွဲမှ အမေရိကန်ဆုတ်ခွာမှုမှာ နှစ်ပတ်အတွင်း သို့မဟုတ် နှစ်ပတ်မှ သုံးပတ်အတွင်း ဖြစ်နိုင်ကြောင်း အင်္ဂါနေ့က အိမ်ဖြူတော်၌ သတင်းထောက်များကို သမ္မတထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်နှင့် သံတမန်ရေးအရ အောင်မြင်မှုရရှိရန် မလိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

“အီရန်အနေနဲ့ သဘောတူညီချက်တစ်ခုယူစရာ မလိုပါဘူး။ မဟုတ်ဘူး။ သူတို့ ကျွန်တော်နဲ့ သဘောတူညီချက်တစ်ခု ရှိစရာ မလိုဘူး” ဟု ၎င်းက ဆိုသည်။

အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်ကို အဏုမြူလက်နက်ပိုင်ဆိုင်နိုင်စွမ်းမရှိသည့် ကျောက်ခေတ်သို့ ပြန်ရောက်အောင် လုပ်ရန်သာလိုအပ်ကြောင်း သမ္မတထရမ့်က ပြောသည်။

အီရန်စစ်ပွဲနှင့် ပတ်သက်၍ သမ္မတထရမ့်က ယနေ့ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ပြည်သူများကို မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

Source: Reuters