ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာ

April 1, 2025

ပုံစာ - စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်စဉ် တွေ့ရှိသည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့ ဧပြီလ ၁ရက်တွင် သယ်ထုတ်လာသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Pasukan Mencari Dan Menyelamat Khas Malaysia

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၄၅၂၁ ဦးအထိ မြင့်တက်လာကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၁ရက်တွင် ပြောသည်။

ယင်းအပြင် ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိနေကြောင်း ၎င်းက ဆိုသည်။

မတ်လ ၃၁ရက်က စစ်ကောင်စီ ထုတ်ပြန်သည့်စာရင်းတွင် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်ရှိခဲ့ရာ တစ်ရက်အတွင်း သေဆုံးသူဦးရေ ခုနစ်ရာနီးပါးနှင့် ဒဏ်ရာရသူ ခြောက်ရာဝန်းကျင် တိုးလာသည်ကို တွေ့ရသည်။

မတ်လ ၂၈ ရက်က ရစ်(ခ်) တာ စကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေပြီး ငလျင် လှုပ်ခတ်မှု အကြိမ်ရေ ၅၃ ကြိမ်အထိ ရှိလာပြီဖြစ်သည်။

ယနေ့တွင် ဧပြီလ ၁ ရက်တွင် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတို့တွင် ငလျင် ခြောက်ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ငလျင်ကြောင့် သေဆုံးသည့် မွတ်ဆလင် ၅၀၀ ဦး ဝန်းကျင်၏ ရုပ်အလောင်းများကို ရရှိထားကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်နှင့် မတ်လ ၃၁ ရက်က ပြောဆိုစဉ် ထည့်သွင်း ပြောဆိုခဲ့သည်။