တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုနှင့်သာရဘွင် ကျေးရွာအုပ်စုကို ဝင်ထွက်သွားလာနိုင်သည့် ကားလမ်းများတွင် ကုန်ပစ္စည်း သယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်ထားသဖြင့် ဆန်ပြတ်လုနီးပါးဖြစ်နေကြောင်း ဒေသခံများနှင့် ဆန်ရောင်းဝယ်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်က တကူနှင့်သာရဘွင် ကျေးရွာအုပ်စုကိုသွားသည့် ကားလမ်းများတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသည်မှာ သုံးလခန့်ကြာပြီဖြစ်ပြီး လက်ရှိတွင် ဆန်ပြတ်လုနီးပါး ဖြစ်နေကြောင်း ဒေသခံများကဆိုသည်။
တကူနှင့်သာရဘွင်ကျေးရွာများကို တုံးဗျောဆီအုန်းကုမ္ပဏီဘက်မှ လည်ကောင်း၊ ဇဝဲကျေးရွာမှ လည်းကောင်း၊ မရင်းကြီးကျေးရွာဘက်နှင့် ဗောဓိကမ်းရွာဘက်မှလည်းကောင်း သွားရောက်နိုင်သည်။
တကူကျေးရွာအုပ်စုတွင် ကျေးရွာတစ်ဆယ်ကျော်နှင့် သာရဘွင်ကျေးရွာအုပ်စုတွင် ကျေးရွာတစ်ဆယ်ကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က အဆိုပါလမ်းများအားလုံးကို ပိတ်ထားပြီး အခြားရွာသို့သွားမည့် ကုန်ကားများ ဖြတ်သန်းပါက တကူနှင့်သာရဘွင်ရွာများကိုပို့မည့် ဆန်အိတ်ပါ၊မပါ တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိကြောင်း အသက် ၅၀ အရွယ် တကူရွာဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဆန်တွေက ရွာထဲမှာ ပြတ်လုနီးပါးဖြစ်နေပြီ။ လိုက်ရှာဝယ်တောင်မရှိဘူး။ တစ်ဆိုင်တော့ရှိတယ်။ အဲတစ်ဆိုင်က လည်း တစ်ရက်လုပ် တစ်ရက်စားသမားတွေနဲ့ မုန့်လုပ်သမားတွေအတွက် ချန်ခဲ့ပြီး တစ်နေ့ကို (နို့ဆီဘူး)သုံး၊လေး၊ငါးဘူး ရောင်းပေးတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ကုန်စုံဆိုင်ကြီးများနှင့် ဆန်ဆိုင်များတွင် ဆန်ဝယ်၍မရတော့ပါက စပါးကြိတ်ဆန်(ဒေသထွက်စပါး) လိုက်ရှာဝယ်စားရလေ့ပြီး လက်ရှိတွင် စပါးကြိတ်ဆန်ပါ မရှိတော့ကြောင်း သာရဘွင်ရွာနေ အသက်၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
”လမ်းကပိတ်ထားတဲ့ကြားထဲ ပင်ပန်းနေတယ်ဆိုမှ ဆန်ကို စျေးတင်ပြီး ရောင်းတဲ့ဆိုင်တွေက ရှိသေးတယ်”ဟု အထက်ပါ အမျိုးသမီးမှဆိုသည်။
အဆိုပါဒေသရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးကလည်း ၎င်းဆိုင်တွင် ဆန်ပြတ်လပ်နေပြီဖြစ်ကြောင်း ပြောဆိုသည်။
“ဆန်အိတ်တွေ ပြတ်နေပြီ။ ဆန်အိတ်တွေရောက်လာရင် ငါ့ကိုနှစ်အိတ်လောက် ချန်ခဲ့ပေးနား(နော်)ဆိုပြီး ကြေးပြား(ငွေ) တစ်ခါတည်းပေးပြီး လာမှာထားတဲ့ သူတွေလည်းရှိတယ်။ ဒီနေ့ လာရှာဝယ်ကြလည်း အား(အများကြီး)ပဲ”ဟု အသက် ၄၀ အရွယ် အထက်ပါ ကုန်စုံဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ဒေသတွင် မတ်လဆန်းပိုင်းက ဆန်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် ၁၄၅၀၀၀ ကျပ်ဈေးပါက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စားသုံးဆီ တစ်ဘူးလျှင် ကျပ် ၇၀၀၀ မှ လက်ရှိတွင် ကျပ် ၉၀၀၀ နှင့် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ကျပ် ၈၀၀၀ အထိဈေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ – တကူကျေးရွာရှိ ဈေးအားတွေ့ရစဉ်။ (ပုံဟောင်း)