BREAKING
May 1, 2025

ငလျင် ၅ ရက်မြောက် စစ်ကိုင်းမြို့အခြေအနေ

April 1, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့သည် ထိခိုက်သေကြေပျက်စီးမှု အလွန်များပြား သော်လည်း ကယ်ဆယ်ရေးအင်အားနည်းသောကြောင့် ရှာဖွေကယ်ဆယ်ရေးအတွက် အခက်အခဲများစွာကြုံခဲ့ရသည်။

ငလျင် ၅ ရက်မြောက်မြောက်သည့် ယနေ့ ဧပြီလ ၁ရက်နေ့၏ ကူညီကယ်ဆယ်ရေးအခြေအနေကို သိရှိနိုင်ရန် စစ်ကိုင်းမြို့တွင် ကယ်ဆယ်ရေးလုပ်နေသည့် မုံရွာအခြေစိုက် သုခဟိတပရဟိတ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းထားပါသည်။

DW ။ သုခဟိတပရဟိတအဖွဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ကူညီကယ်ဆယ်ရေး အခြေအနေလေးပြောပြပေးပါ။

ဖြေ ။ ကူညီကယ်ဆယ်ရေးက ကျွန်တော်တို့က ရတနာသိင်္ဂီကျောင်း အဲဒီဘက်မှာ တာဝန်ကျနေတယ်။ မနေ့က ကျွန်တော်တို့ စဝင်တယ်။ မနေ့က သုံးလောင်းချ (သင်္ဂြိုဟ်) ပေးရတယ် ။ ဒီနေ့က (သင်္ဂြိုဟ်တာ) ငါးလောင်းရှိသွားပြီ ။

DW ။ အခြားအဖွဲ့တွေရော ဘယ်နေရာတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြလဲ။

ဖြေ ။ အဓိက ကတော့ မွတ်ဆလင် ဗလီရယ်၊ မြတ်ဘော်ဒါဆောင်ရယ်၊ ဒီ ရတနာသိင်္ဂီရယ်၊ ဒီစစ်ကိုင်းတောင်ပေါ်က နည်းနည်းများတယ်။ သံဃာတော်တွေရော ထိတဲ့ကျောင်းလည်း ရှိတော့ရှိသေးတယ်။

DW ။ ဒီနေ့ ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ဆယ်ရေးလုပ်နေကြတဲ့ အခြေအနေလေးပြောပြပေးပါ ။

ဖြေ ။ လုပ်နေကြတယ်။ အကုန်လုံးလုပ်နေကြပါတယ်။ ကျွန်တော်တို့က လူနာစောင့်တယ်။ အထဲမှာ (အဆောက်အအုံတွေမှာ ပိတ်မိသူတွေရှာဖွေ) နှိုက်တာတွေ လုပ်ပေးတယ်။ တကယ်တမ်း စက်ယန္တရားတွေက ကြံ့နှစ်ကောင်ဘိလပ်မြေက ကူညီတယ်။ သူတို့က စက်ယန္တယားကူညီတယ်။ ကျွန်တော်တို့ကတော့ လုပ်အားဒါနပေါ့။

DW ။ နိုင်ငံခြားကူညီရေးအဖွဲ့တွေရော ရောက်နေပြီလား။ ဘယ်နှစ်ဖွဲ့လောက်ရှိပြီလဲ။

ဖြေ ။ တရုတ်အဖွဲ့ဝင်တယ် ။ ဒီမှာ ကျွန်တော်တွေ့ရတာတော့ မလေးရှားအဖွဲ့ ဝင်တယ်။ တရုတ်အဖွဲ့ ဒီမှာ မနေ့က တစ်နေကုန်နီးပါးလောက် ရှာဖွေတယ် ။ သူတို့ကတော့ စက်တွေဘာတွေနဲ့ နှိုက်ပြီးရှာကြည့်တယ်။ မနေ့က သူတို့ပြောတာက ၇ မီလီမီတာအတွင်းမှာ အသက်ရှူသံတစ်ခုတွေ့တယ်။ တကယ်တမ်း စက်တွေနဲ့ ဝုန်းဒိုင်းဖြိုချပြီး ထွက်လာတဲ့ dead body တွေကို ဆွဲကောက်သင်္ဂြိုဟ်ပေးရရင်တော့ မကြာဘူးပေါ့။ အခုက အသက်ရှူသံတစ်ခုကြားနေသေးတော့ အဲဒါကို အထိအခိုက်မခံဘဲ ဖြည်းဖြည်းချင်းဖြိုချနေကြတယ်။

DW ။ အဆောက်အအုံတွေ ထိခိုက်မှုကို ရှင်းလင်းနေရတဲ့ အခြေအနေလည်း ပြောပြပေးပါ ။

ဖြေ ။ အဆောက်အအုံတွေကလည်း အကုန်လုံးက သစ်ပင်တွေရော၊ ထုပ်တန်းတွေရော တကယ့်ဟဲဗီးကြီးတွေ ။ လူအားနဲ့ဆိုမရဘူး ။ မနိုင်တဲ့ဟာတွေကို စက်တွေနဲ့ဖယ်လိုက်ပြုလိုက် တဖြည်းဖြည်းချင်းသွားနေရတာပေါ့ ။

DW ။ ကယ်ဆယ်ရေးအဖွဲ့တွေရော ဘာတွေလိုအပ်နေလဲဗျ ။

ဖြေ ။ စက်သုံးဆီ အဓိကပေါ့ ။ ကိုယ်တို့အပိုင်းအနေနဲ့ စက်သုံးဆီပေါ့ ။ ပြည်သူလူထုအနေနဲ့တော့ ဘယ်လိုအတိုင်းအတာမျိုးဖြစ်မယ်တော့ မသိဘူးပေါ့ ။ တော်တော်များများကတော့ ရေကိုပဲ အဓိကထားပြီး လိုအပ်နေတယ် ပြည်သူအနေနဲ့ ကတော့။ ကိုယ်တို့မြေပြင်ပရဟိတ အသင်းတွေအနေနဲ့က စက်သုံးဆီရှားပါးတယ်။ တစ်လီတာကို အခုဆိုရင် ငါးထောင်လောက်ပေးဝယ်ခဲ့ရတယ်ပေါ့။

DW ။ ငလျင်မှာ အသက်ဘေးကလွတ်ခဲ့တဲ့ မြို့ခံတွေရော ဘယ်လိုနေထိုင်နေကြလဲ ။

ဖြေ ။ သူတို့က အဆောက်အအုံတွေက ပြိုတာ ၊ အက်တာတွေဖြစ်တယ်။ ညဘက်တွေမှာ တိုက်တွေထဲ မနေရဲ မအိပ်ရဲကြသေးဘူး။ ဘယ်မှာစုအိပ်ကြလဲဆိုတော့ ဘောလုံးကွင်းတို့ စာသင်ကျောင်းတို့ အဲဒီလို ကွက်လပ်ပြင်မှာ မိသားစုလိုက် ညနေစောင်းဆိုရင် ကုတင်လေးတွေချ ဖျာလေးတွေချ အဲဒီလိုအိပ်ကြတယ်။ မနက်လင်းရင်တော့ပြန်တယ် ။ အများစု ကိုယ့်အိမ်ကိုယ့်ရာကို သိပ်မအိပ်ရဲကြဘူး။ မအိပ်ရဲကြဘူးဆိုတာက ငလျင်က အခုလည်း အကြီးစားကြီးတော့မဟုတ်ပေမယ့် လှူပ်နေဆဲပဲ။

DW ။ အခု မီးသင်္ဂြိုဟ်ပြီးတဲ့ ရုပ်အလောင်းက ဘယ်လောက်ရှိပြီလဲ။

ဖြေ ။ ပထမစဖြစ်တဲ့ရက်က ၃၈ ဦး ၊ နောက်တစ်ရက်က ၁၁၁ ဦး အဲဒီ ရွှေသမားသုသာန်မှာ။

DW ။ ကူညီတဲ့အဖွဲ့တွေ လာရောက်တဲ့ အခြေအနေကရော ဘယ်လိုရှိလဲ ။

ဖြေ ။ ကူညီရေးအသင်းတွေကတော့ မြို့နယ်ပေါင်းစုံက အတော်လေးကိုလာကြတယ်။ မနေ့ကနဲ့ ဒီနေ့ ပိုပြီးတော့ ကူညီရေး အလှူကုသိုလ်ရှင်လေးတွေ လမ်းမှာအတော်များများတွေ့ပါတယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။