စနေနေ့က အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန်ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲတို့ နှစ်ဦးစလုံး သေဆုံးကြောင်း အီရန်အစိုးရပိုင်မီဒီယာများက အတည်ပြုဖော်ပြသည်။
ယမန်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ အစ္စရေး-အီရန် စစ်ပွဲအတွင်း အီရန်စစ်တပ်အကြီးအကဲ သေဆုံးသွားပြီး နောက်ပိုင်း အီရန်စစ်တပ်ကို ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်း မူဆာဗီသည် စနေနေ့က တိုက်ခိုက်ခံရမှု အတွင်း သေဆုံးကြောင်း အီရန်သတင်းဌာန Tasnim က ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း အီရန်ကာကွယ်ရေးဝန်ကြီး အဇစ် နာဆာဇာဒေးလည်း သေဆုံးကြောင်း ဖော်ပြသည်။
နာဆာဇာဒေးသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်မယူမီက အီရန်စစ်တပ်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
စနေနေ့က တိုက်ခိုက်ခံရမှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီး မိုဟာမက် ပါခ်ပူရ်သေဆုံးမှုကို အီရန်အစိုးရက အတည်ပြုဖော်ပြခဲ့သည်။
အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ ခါမေနီ လည်း သေဆုံးခဲ့ကြောင်း အီရန်ဘက်က အတည်ပြုထားသည်။
စနေနေ့က ပူးပေါင်းတိုက်ခိုက်မှုအတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ ထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးနှင့် အမေရိကန်စစ်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့နိုင်ငံများသို့ ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် အမေရိကန်ပြည်ထောင်စုအတွက် အီရန်၏ လုံခြုံရေးခြိမ်းခြောက်မှုကို အဆုံးသတ်ရန်နှင့် အီရန်တွင် အဏုမြူလက်နက်များ ပိုင်ဆိုင်နိုင်ခြင်း မရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။
အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချရန် ထရမ့်က တိုက်တွန်းခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သည့် အချိန်တွင် အီရန်ပြည်သူများအနေဖြင့် ၎င်းတို့၏ အစိုးရကို ဖြုတ်ချကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။
Source: CNN ၊ The Hindustan Times







