အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီသည် သွေးဆာနေသည့် အာဏာရှင်တစ်ဦးဖြစ်ပြီး ၎င်း သေဆုံးမှုမှာ သက်သာရာရစေသည့် ဆေးတစ်ခွက်ပင်ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံးဖြစ်သူ ရက်ဇာ ပါလာဗီက ပြောကြားလိုက်သည်။
“သူ (ခါမေနီ) သေသွားပြီမို့လို့ အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) ဟာလည်း အဆုံးသတ်သွားပါပြီ။ မကြာခင် သမိုင်းအမှိုက်ပုံထဲကို ရောက်ပါတော့မယ်” ဟု ၎င်းက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေးသားခဲ့သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ပါလာဗီသည် ၎င်းကိုယ်၎င်း အီရန်နိုင်ငံ၏ ပကတိခေါင်းဆောင်အဖြစ် ပုံဖော်လေ့ရှိသည်။
အယာတိုလာခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူကို ခန့်အပ်ရန် ကြိုးပမ်းမှုဟူသမျှသည် ကျရှုံးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အမျိုးသားအောင်ပွဲခံမှုရဲ့ အစဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ တိုက်ပွဲကတော့ အဆုံးသတ်မှာ မဟုတ်သေးဘူး” ဟု အီရန်ပြည်သူများအား ရည်ညွှန်း၍ ပါလာဗီက ပြောကြားခဲ့သည်။
ပါလာဗီသည် ကမ္ဘာတစ်ဝန်းရှိ အီရန်အတိုက်အခံဆန္ဒပြသူ သိန်းနှင့်ချီကို စည်းရုံးလှုံ့ဆော်နိုင်ခဲ့သော်လည်း ၎င်းသည် အီရန်ပြည်သူများကို စည်းလုံးစေသူထက် ကွဲပြားမှုများ ဖြစ်ပေါ်စေသူသာ ဖြစ်ကြောင်း ဝေဖန်သူများက ဆိုသည်။
အီရန်တွင် ဖြုတ်ချဖယ်ရှားခံခဲ့ရသည့် ဘုရင်စနစ်ကို ထောက်ခံခြင်းသည် တားမြစ်ထားသည့် ကိစ္စရပ်ဖြစ်ပြီး ရာဇဝတ်မှုတစ်ခုလည်း ဖြစ်သည်။
ယင်းအပြင် ရှားဘုရင်၏ အာဏာရှင်စနစ်ကို ဖြုတ်ချရန် လူထုအုံကြွမှုဆင်နွှဲခဲ့သည့် အီရန်လူ့အဖွဲ့အစည်းကလည်း ဘုရင်စနစ်ကို အစဉ်တစိုက် မနှစ်မြို့ခဲ့ပေ။
သို့ရာတွင် အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံးဖြစ်သူ ပါလာဗီသည် အီရန်အတိုက်အခံများထဲတွင် လူသိအများဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
Source: CNN







