Facebook ကို ပိုင်ဆိုင်ထားသည့် Meta စီးပွားရေးလုပ်ငန်းစု ဝန်ထမ်း ၁၀,၀၀၀ ကို ရာထူးရပ်စဲ

0
2551
Photo – Al Jazeera

Facebook၊ Instagram နှင့် WhatsApp တို့ကို ပိုင်ဆိုင်ထားသည့် Meta စီးပွားရေးလုပ်ငန်းစုသည် ဒုတိယအသုတ် တာဝန်ရပ်စဲမှုအဖြစ် ဝန်ထမ်း ၁၀,၀၀၀ ကို တာဝန်ရပ်စဲလိုက်ကြောင်း သိရှိရသည်။

Meta သည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ဝန်ထမ်း ၁၁,၀၀၀ ကို ပထမအသုတ် တာဝန်ရပ်စဲခဲ့ပြီး ယင်းအတွက်ကြောင့် Meta တာဝန်ရပ်စဲလိုက်သည့် ဝန်ထမ်းအရေအတွက်စုစုပေါင်းမှာ ၂၁,၀၀၀ အထိ ရှိသွားခဲ့ပြီဖြစ်သည်။

Meta သည် စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းလာသည့်အခြေအနေကို ကုစားရန်အတွက် ဝန်ထမ်းများကို အစုလိုက် အပြုံလိုက် တာဝန်ရပ်ဆိုင်းနေခြင်းဖြစ်ပြီး Meta ၏အမှုဆောင်အရာရှိချုပ် ဇူကာဘတ်ကလည်း လက်ရှိရင်ဆိုင်နေရသည်မှာ အခက်ခဲဆုံးသော နှစ်တစ်နှစ်၏ခက်ခဲလွန်းသော အစိတ်အပိုင်းတစ်ရပ်ဖြစ်နေကြောင်း ဖွင့်ဟဝန်ခံသွားခဲ့သည်။

ဇူကာဘတ်သည် Meta လုပ်ငန်းစု၏ဝန်ထမ်းများနှင့်တွေ့ဆုံချိန်တွင် ဝန်ထမ်း ၁၀,၀၀၀ ကို ရာထူးရပ်စဲလိုက်ရသည့်ဖြစ်စဉ်အပြင် လစ်လပ်ဝန်ထမ်းနေရာ ၅,၀၀၀ အတွက် နေရာပြန်မဖြည့်နိုင်သေးသည့် အခြေအနေကိုလည်း ရင်ဆိုင်နေရကြောင်း ပြောကြားအသိပေးသွားခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေလျော့ကျသွားခဲ့သည့်ဒဏ်ကို Meta ခံစားနေရသည်ဟု ဇူကာဘတ်က ဖွင့်ဟဝန်ခံထားပြီး ယင်းအခြေအနေဆိုးမှနေ၍ အလျင်အမြင် နိုးထနိုင်ရန် လိုအပ်နေပြီဟုလည်း ဇူကာဘတ်က ဝန်ထမ်းများကို ပြောကြားနေပြီဟု သိရသည်။

Meta သည် ဝန်ထမ်းစုဆောင်းရေးအသင်းနှင့် နည်းပညာအသင်းတို့ကို ဧပြီလနှောင်းပိုင်းတွင် ဝန်ထမ်းလျှော့ချရန် စီစဉ်ထားပြီး စီးပွားရေးလုပ်ငန်းစုဘက်က ဝန်ထမ်းများကို မေလနှောင်းပိုင်းတွင် အင်အားလျှော့ချသွားမည်ဟု ဆိုသည်။