ထားဝယ်ဒေသထွက် ပထမဆုံးချောကလက် ခေတ်ကာလကြောင့် စျေးကွက်ဖြန့်ရခက်နေ

0
2401

ထားဝယ်ဒေသတွင် ပထမဆုံးစိုက်ပျိုး ထုတ်လုပ်သည့် ချောကလက်မှာ ခေတ်ကာလအနေအထားအရ စျေးကွက်ဖြန့်ရခက်နေသဖြင့် ထားဝယ်၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထိုနှင့် ရန်ကုန်ဈေးကွက်ကိုသာ ဖြန့်ဖြူးရောင်းချနိုင်သေးသည်ဟု သိရသည်။

မြိတ်၊ ကော့သောင်းနှင့် မြန်မာပြည်မှ အခြားမြို့ကြီးများ၏ ဈေးကွက်ကိုထိုးဖောက်ရန် ခေတ်ကာလအနေအထားအရ အခက်အခဲတွေရှိနေသည်ဟု ဦးနေလင်းအောင်က ပြောသည်။

၂၀၁၅ ခုနှစ်ခန့်က စတင်စိုက်ပျိုးခဲ့သည့် ကိုကိုးပင်မှာ ၂၀၂၀ ခုနှစ်တွင် ချောကလက်စတင်ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်ခန့်တွင် ဈေးကွက်ကိုစတင်ဖြန့်ဖြူးရောင်းချသည်ဟု ကလိန်အောင်မြို့မှ Aung Zambu Cocoa (အောင်ဇမ္ဗူကိုကိုး) ချောကလက်ထုတ်လုပ်ရောင်းချသည့် ဦးနေလင်းအောင်က ပြောသည်။

၈၀ ဂရမ်ပါသည့် ချောကလက် တစ်ဘူးလျှင် ငွေကျပ် ၄၀၀၀ ၊ ကိုကိုးအမှုန့် ၁၀၀ ဂရမ် တစ်ထုပ်လျှင် ၃၀၀၀ ကျပ်၊ ကိုကိုးလက်ဖက်ခြောက် အထုပ်ကလေး ၁၀ ထုတ်ပါသည့် တစ်ထုပ်လျှင် ၂၀၀၀ ကျပ်ရောင်းချသည်ဟု သိရသည်။

“နိုင်ငံခြားကတော့ တစ်ဆင့်ခံသွားတာ၊ နိုင်ငံခြားကျတော့ အခုအိမ်မှာထုတ်တဲ့ သုံးမျိုးကို တိုက်ရိုက်မသွားဘဲနဲ့ ကုန်ကြမ်းပေါ့၊ ကုန်ကြမ်းဆိုတာက ၁၀၀ ရာခိုင်နှုန်း ချောကလက်ပေါ့၊ နို့မှုန့် သကြား လုံးဝ ဘာမှမထည့်ထားတဲ့ 100% ချောကလက်အတုံးပေါ့ ၅၀၀ ဂရမ်အတုံးတွေ ရန်ကုန်ပို့တယ်၊ ရန်ကုန်ကျတော့ ဂျပန်ကုမ္ပဏီတစ်ခုကပြန်ဝယ်တာ၊ ပြန်ဝယ်ပြီးတော့မှ သူတို့က ဒီလို တခြားရေခဲမုန့်တွေဘာတွေမှာထည့်ပြီးတော့မှသူတို့က Export ပြန်သွားတာ” ဟု ဦးနေလင်းအောင်က ဆိုသည်။

ထားဝယ်ဒေသထွက် ချောကလက်မှာ လူသိနည်းသေးသဖြင့် ရောင်းအားလည်းနည်းနေသေးသည်ဟု ထားဝယ်မြို့၊ ရွှေတောင်စားဘုရားလမ်းရှိ လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင်အမျိုးသမီးက ပြောသည်။

တနင်္သာရီတိုင်းတွင် ယခင်(၁၉၇၀ ခုနှစ်ခန့်)ကတည်းက နိုင်ငံခြားမှ တင်သွင်းလာသည့်် ကိုကိုးအပင်များကို အစိုးရဌာနက စိုက်ခြံကြီးများအဖြစ် စိုက်ပျိုးခဲ့ဖူးသော်လည်း နည်းပညာအခက်အခဲနှင့် ဈေးကွက်ဝယ်လိုအား အခက်အခဲတို့ကြောင့် ကိုကိုးခြံများပျက်စီးသွားပြီး တိမ်ကောပျောက်ကွယ်ခဲ့ရသည့် သဘောရှိခဲ့သည်ဟု ဦးနေလင်းအောင်က ဆိုသည်။

“နည်းပညာနဲ့ ဈေးကွက်မရှိလို့ တိမ်ကောသွားတာ၊ အရင်ကတည်းက စိုက်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။

ကလိန်အောင်မြို့တွင် ကိုကိုးသီးအဝယ်ဒိုင်နှစ်ခုရှိပြီး ကိုကိုးသီးထွက်ချိန်တွင် ၁၅ ရက်တစ်ပတ်ကို ပိဿာ ၇၀၀ ခန့်ရရှိသည်ဟု ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာမှ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။

ကလိန်အောင်မြို့တွင် စိုက်ပျိုးခဲ့သည့် ကိုကိုးပင်များ အောင်မြင်ဖြစ်ထွန်းသည့်အပြင် ၂၀၁၈ ခုနှစ်က  က ပြင်သစ်၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံက ကိုကိုးသီးများဝယ်ယူရန် လာရောက်လေ့လာမှုများရှိသဖြင့် ၂၀၁၉ ခုနှစ်က ထပ်မံတိုးချဲ့စိုက်ပျိုးခဲ့ကြသည်။

လက်ရှိတွင် ကိုကိုးအမှုန့်၊ ကိုကိုးလက်ဖက်ခြောက်၊ ချောကလက်၊ ကိုကိုးဝိုင်၊ ကိုကိုးအစေ့ခြောက်လှော်၊ ကိုကိုးထောပတ်တို့ကို စမ်းသပ်ထုတ်လုပ်အောင်မြင်နေပြီဖြစ်သည်။