ကော့သောင်း၊ ရှမ်းကိုးရွာအနီး စစ်ကောင်စီကား တိုက်ခိုက်ခံရ

0
2549
ဓာတ်ပုံ - ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၁)တပ်ရင်း

ပစ်ခတ်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာနေသည့် ကော့သောင်းမြို့နယ်ရှိ ရှမ်းကိုးရွာအနီးတွင် စစ်ကောင်စီကား နှစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

ခမောက်ကြီးမြို့မှ စစ်ကူလာသည့် အင်အား ၃၀ ပါကား ၂ စီးကို ရှမ်းကိုးရွာတစ်ရွာဖြစ်သည့် ဖော့သုတ်ရွာ မီးသင်္ဂြိုလ်စက်အနီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တားဆီးတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိတစ်ဦး အပါအဝင် တပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် တပ်သားများသည် စကခ ၂၀ လက်အောက်ခံ အမြှောက်တပ် ၅၈၄ မှ ဖြစ်ကာ ဝိုင်ဒင်းရွာဖက်သို့ စစ်ကူလာသည့် ကားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဝိုင်ဒင်းရွာအနီး၌ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ၅၀ ဝန်းကျင်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖက်မှ ရဲဘော် ၃ ဦးလက်နက်ကြီးစ ထိမှန်သော်လည်း မစိုးရိမ်ရကြောင်း ယခင်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဝိုင်ဒင်းရွာသည် ထိုင်း-မြန်မာနယ်စပ် ရှမ်းကိုးရွာအတွင်းရှိ ရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၅၀ ခန့်သည်လည်း ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။