BREAKING
May 13, 2025

ဘုရားသုံးဆူမြို့ ရဲစခန်းတိုက်ခိုက်ခံရပြီး မီးလောင်

February 25, 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရဲစခန်း ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယနေ့နံနက် ၆ နာရီဝန်းကျင်က ဘုရားသုံးဆူမြို့ ရဲစခန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့က ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ပြီး ဘုရားသုံးဆူမြို့ရဲစခန်း မီးလောင်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက ၁ နာရီခွဲလောက် ဖြစ်တယ်။ ရဲစခန်းကတော့ မီးလောင်သွားတယ်။ လက်ရှိ မြို့ပေါ်မှာတော့ လုံခြုံရေးချထားတာတွေ၊ စစ်ဆေးတာတွေ ဘာမှမရှိဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

နေ့လယ်ပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်က ဈေးများ ပြန်ဖွင့်နေပြီး မြို့ပေါ်တွင်လည်း သွားလာနေကြပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယနေ့ဖြစ်ရပ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဘက်က ထိခိုက်သေဆုံးမှုရှိသလို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးဒဏ်ရာရရှိသည်ဟု မြို့ခံတို့က ပြောဆိုနေကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်ကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများဖြစ်သည့် လဝကရုံး၊ ထွေ/အုပ်ရုံးတို့ကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အဆိုပါ တိုက်ပွဲကြောင့် ရာနှင့်ချီသည့် ဘုရားသုံးဆူမြို့ခံတို့က ဘေးလွတ်ရာ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။