မြိတ်မြို့နယ် ရွှေဒူးကျေးရွာအနီး ရော်ဘာခြံတစ်ခုအတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးအား သတ်ဖြတ်ခဲ့ သည်ဆိုသော တစ်ရွာတည်းနေ အမျိုးသားကို ဖေဖော်ဝါရီလ ၂၃ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံတို့ ထံမှ သိရသည်။
စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးရွာနှင့် သာရမဲရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် ဖေဖော်ဝါရီလ ၂၂ ရက်က အသက် ၃၈ နှစ်ရှိ အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးအား အသက် ၃၉နှစ်ရှိ အမျိုးသားတစ်ဦးက သံရိုတ်တူဖြင့် ဦးခေါင်းနောက်ပိုင်းတစ်ချက်နှင့် ဦးခေါင်းထိပ်အား သုံးချက် ရိုက်နှက်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲဘက်ကပြောဆိုမှုကို ကိုးကားကာ မြိတ်မြို့ရှိ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယင်း အမျိုးသားမှာ သေဆုံးသူအမျိုးသမီး ခင်ပွန်းဟောင်းဖြစ်သူ၏ တူတော်စပ်သူလည်းဖြစ်ပြီး ရွှေပေးရွာတွင် နေထိုင်ကြသူ များဖြစ်ကြောငင်း ရွှေပေးရွာနေသူအချို့က ဆိုသည်။
အသတ်ခံရသူ အမျိုးသမီးမှာ အိမ်ထောင်ကွဲကွာနေပြီး အသက် ၁၂ နှစ်အရွယ် သမီးလေးနှင့် နေထိုင်နေခြင်းဖြစ်ရာ လက်ရှိတွင် သမီးတစ်ဦးတည်း ကျန်ရစ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“(အဖမ်းခံရသူအမျိုးသားရဲ့) သူတို့မိသားစုဝင်တွေတောင် အမျိုးမျိုးပြောနေတာ။ ဘာကြောင့် သတ်မှန်းမသိဘူး။ (မိသားစုဝင်တွေကို) တစ်ယောက်သွားမေးရင် တစ်မျိုးပြောနေကြတာ” ဟု ရွှေပေးရွာနေသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ အမျိုးသား၏ မိသားစုဝင်တို့အား ရွာရှိ အသိမိတ်ဆွေတို့က အကျိုးအကြောင်းအား သွားရောက် မေးမြန်းရာတွင် မိသားစုဝင်များက အမျိုးမျိုးခန့်မှန်းပြောဆိုကြခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“ငွေကြေးကိစ္စနဲ့ စကားများရင်း ဖြစ်သွားတာလို့လည်း ပြောတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
အခင်းဖြစ်ပွားရာ ရော်ဘာခြံအတွင်းတွင် သရုပ်ပြလုပ်ဆောင်စေခဲ့ပြီး အမှုတွင် သက်သေဖြစ်သည့် တူကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ်ဖြစ်ပြီး ဆိုင်ကယ် တက္ကစီမောင်းသူဖြစ်ကြောင်း ရွှေပေးရွာနေသူ အချို့က ပြောပြသည်။
ရွှေဒူးကျေးရွာသည် မြိတ်-တနင်္သာရီကားလမ်းမပေါ်တွင် တည်ရှိသည်။ အခင်းဖြစ်သည့် ရွှေဒူးနှင့် ရွှေပေးရွာတို့မှာ လေးမိုင်ခန့် ကွာဝေးသည်။