မြိတ်၊ တုံးဗျောရွာတွင် တိုက်ပွဲဖြစ်

0
2953

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ရက် နံနက် ၅ နာရီဝန်းကျင်ကစပြီး တုံးဗျောရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၁၀ နာရီအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“တုံးဗျောငယ် လမ်းဆုံမှာစဖြစ်တယ်လို့ကြားတယ်။ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ကို PDF တွေ လာပစ်တယ်လို့ သိရတယ်။ အခုထိလက်နက်ကြီးအသံတွေ ကြားနေရတုန်းပဲ” ဟု တုံးဗျောရွာအနီးနေ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် ရွာသားများမှာ နေအိမ်အတွင်း ပုန်းအောင်းနေရပြီး ယာဉ်များကိုလည်း ကြေးနန်းတိုင်တံတားဂိတ်မှ ပိတ်ကာ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ဒေသခံများက ဆိုသည်။

“PDF တွေ လာပစ်ပြီး ၇ နာရီလောက်ကတည်းက ပြန်ဆုတ်သွားကြပြီလို့ကြားရတယ်။ လူထိခိုက်သေဆုံးမှုတော့ အတိအကျ မသိရသေးဘူး။ လက်နက်လည်း တစ်လက်ပါသွားတယ်လို့လည်း ကြားရတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

PDF များ ပြန်ဆုတ်သွားပြီးနောက် ဇဝဲရွာ စစ်ကောင်စီအမြှောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင်း ဒေသခံတို့က ပြောဆိုသည်။

တုံးဗျောကျေးရွာသည် မြိတ်နှင့် တနင်္သာရီမြို့နယ်အစပ်ရှိ ရွာကြီးတရွာဖြစ်ပြီး ပျူစောထီးအားကောင်းသည့်
ကျေးရွာဖြစ်သည်။

ယင်းရွာတွင် ယခင်ကလည်း တိုက်ပွဲအချို့ဖြစ်ခဲ့ဖူးပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးဒုခေါင်းဆောင်နှင့် စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့သည်။

ယနေ့တိုက်ပွဲအခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။