တနင်္သာရီမြို့နယ်သို့ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေရ

0
2591
ဇန်နဝါရီလ နောက်ဆုံးအပတ်က တိုက်ပွဲကြောင့် တောအတွင်း တိမ်းရှောင်ခဲ့ရသည့် တနင်္သာရီဒေသခံများ

မြိတ်ခရိုင်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်ဖက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာရာ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်ရှိ လယ်သစ်အရှေ့ကမ်း၊ လယ်သစ်အနောက်ကမ်းနှင့် မော်တုံးအနောက်ကမ်းကျေးရွာနေ ပြည်သူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက တောတောင်များအတွင်းသို့ ထွက်ပြေးနေရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ထွက်ပြေးနေရတာ ဒီနေ့ဆို သုံးရက်ရှိပြီပေါ့။ နှစ်ဖက်တိုက်ပွဲဖြစ်သံတော့ အခုထိမကြားရသေးဘူး” ဟု လယ်သစ်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ရေလမ်းကြောင်း အသုံးပြုကာ မြိတ်မြို့မှ ထွက်ခွာလာပြီး လက်ရှိတွင် ဝါရင့်၊ ဂျိုးတောင်ရွာအနီးသို့ ရောက်ရှိနေသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“လယ်သစ်ရွာနဲ့ ဝါရင့်ရွာက ကပ်နေတယ်။ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်လာနိုင်တယ်။ ရွာမှာတော့ လူတစ်ယောက်မှ မရှိတော့ဘူး။ တောထဲအကုန်ပြေးကြပြီ” ဟု လယ်သစ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် မော်တုံးအနောက်ကမ်းနေ ဒေသခံများသည်လည်း ယခုရက်ပိုင်းအတွင်း ရွာမှထွက်ပြေးကာ တောတောင်အတွင်း ပုန်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများ အနီးတစ်ဝိုက်သည် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ရေးလှုပ်ရှားထိန်းချုပ်ထားသည့် နယ်မြေများဖြစ်နေပြီး နှစ်ဖက်တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

“တိုက်ပွဲဖြစ်တာက သိပ်ပြီးမစိုးရိမ်ဘူး။ ပြည်သူတွေ တကယ်စိုးရိမ်တာက အရပ်ရှစ်မျက်နှာကို လက်နက်ကြီးနဲ့ ပစ်တာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ သုံးရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းကာလတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲ သဖြင့် အနည်းဆုံးကျေးရွာသုံးရွာက အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက် ၉၀ နှစ်ရှိ အဖွားအို တစ်ဦးနှင့် ကလေးတစ်ဦးလည်း သေဆုံးခဲ့ရသည်။

စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်း တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။