အဟာရပြတ်နေသည့် အဘိုးတစ်ဦး ဆေးကုရန်အကူညီလို

0
2826

ထားဝယ်မြို့၊ ဘု‌မ္မော်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအနီး လမ်းဘေးတွင် တဲထိုးပြီး နေထိုင် သည့် အသက် ၇၀ အရွယ် ချို့တဲ့အဘိုးတစ်ဦး ဆေးကုရန်အကူအညီလိုအပ်နေကြောင်း ဂရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက ဒေသခံတစ်ဦးက ဖုန်းဆက်အကူညီတောင်းခံလာမှုကြောင့် သွားရောက်ကြည့်ရှု ရာတွင် အာဟာရပြတ်နေသည့်အနေထားဖြင့် တွေ့ရသောကြောင့် အရေးပေါ်ဆေးရုံတင်ပို့ထားခဲ့ကြောင်း အထက်ပါ အဖွဲ့၏ ပြောရေးဆိုခွင်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သွားကြည့်တဲ့အချိန် သူတော်တော်နေမကောင်းဘူး။ စကားမေးလို့လည်း မရဘူး” ဟု ၎င်း ဆိုသည်။

အဆိုပါအဘိုးမှာ ယနေ့ နှစ်ရက်မြောက်သည်အထိ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်း၍ မရသေးသည့် အခြေအနေ ဖြစ်နေပြီး ထားဝယ်ဆေးရုံကြီးတွင် လိုအပ်သည့်ဆေးဝါကုသခြင်းနှင့် ရောဂါရှာဖွေခြင်းတို့ကို ပြုလုပ်ပေးထားကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

“မိသားစုတွေက အခုထိ ဆက်သွယ်မလာသေးဘူး။ လာရောက်စွန့်ပစ်ထားလား၊ မထားလားဆိုတာလည်း သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါအဘိုးကို ထားဝယ်ဆေးရုံကြီးတွင် ဂရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့၏ စေတနာ့ဝန်ထမ်းများက အလှည့်ကျစောင့်ရှောက်ပေးနေကြောင်း ယင်းအသင်းထံမှ သိရသည်။

အဘိုး၏ ဆွေမျိုးများရှိပါကလည်း ဂရုဏာမေတ္တာရှင်အဖွဲ့၏ ၀၉၈၈၄၁၄၂၉၉၄ ဖုန်းနံပါတ်သို့ ဆက်သွယ် စုံစမ်းရန်လည်း ယင်းအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိ‌ပေးထားသည်။