အားကိုးရာမဲ့ ပြည်သူတွေ

0
2994

စစ်တပ်အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရောက်ရှိလာချိန်တွင် ဒေသအများအပြားတွင် မတည်ငြိမ်မှု၊ ခိုး၊ဆိုး၊လုယက်၊ဓားပြတိုက်မှု၊ အသတ်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားနေသည်။

ပြည်သူလူထုမှာ အခြေခံလူ့အခွင့်အရေးပင် မရတော့ဘဲ မြင်မြင်ရာ ကြောက်နေရသည့် အခြေအနေကို ဆိုက်ရောက်လာသည်။

ယင်းအပြင် မတရားအနိုင်ကျင့်ခံရပါက မည်သည့်အဖွဲ့ကို တိုင်ရမည်ဆိုသည်ကိုပင် မသိကြတော့။ တရားဥပဒေဆိုသည်မှာ စာအုပ်ထဲတွင်သာ ရှိတော့သည်။

ပြည်သူလူထုမှာ ဘယ်အချိန် အလုခံရမလဲ၊ အသတ်ခံရမလဲ၊ တရားမဲ့စစ်ဆေးခံရမလဲ စသဖြင့် အကြောက်တရားဖြင့် နေနေရသလို ဖြစ်လာရင်လည်း ကံကိုပုံချကာ အံကြိတ်ခံနေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ်တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ကားသမားဘဝက အရင်ကထက်ပိုပြီး အသက်အန္တရာယ်နဲ့ နီးစပ်လာတယ်”

ခရီးသည်တင်ကားသမားတစ်ဦး

DW ။ ပထမဆုံး ရန်ကုန်ကို တစ်လ ဘယ်နှစ်ခေါက်ဆွဲနေရလဲ။ အဆင်ပြေရဲ့လားဆိုတာလေး ပြောပြပေးပါ။

ဖြေ ။ ဘယ်နှစ်ခေါက်ဆိုတာမျိုး ပုံမှန်မရှိဘူး။ ခရီးသည်ရရင် ရသလို တစ်လ လေးငါးခြောက်ခေါက် ဆွဲရတာလည်းရှိတယ်။

DW ။ ရန်ကုန် ထားဝယ်မှာ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေကြားရတယ်။ လမ်းခရီးသွားရတာ လုံခြုံတယ်လို့ ခံစားရလား။

ဖြေ ။ လုံခြုံမှုကတော့ ဘယ်ရှိမှာလဲ။ ဓားပြတိုက်တာထက် ဗုံးပေါက်သံတွေ၊ သေနတ်သံတွေကြားထဲမှာ သွားနေရတာလေ။ မရှိလို့သာ လုပ်စားနေရတာပါ။ အန္တရာယ်တွေကတော့ ဘေးမှာဝိုင်းနေတာပဲ။

DW ။ ဓားပြတိုက်တာနဲ့ပတ်သက်ပြီး နည်းနည်းမေးချင်တယ်။ ကိုယ်တိုင်ကြုံရတာမျိုးဖြစ်ဖြစ်၊ ကားသမားအချင်းချင်း တစ်ဆင့်ပြန်ကြားရတာမျိုးဖြစ်ဖြစ် သိထားတာရှိရင်ပြောပြပေးပါလား။

ဖြေ ။ သိပ်တော့မကြားရဘူး။ အဲဒါနဲ့ပတ်သက်ပြီးလေ။ ရေး (မြို့နယ်) ဖက်ကိုရောက်ရင်တော့ တစ်စီးတည်း မဖြတ်ဖို့တို့ အဲဒီလိုမျိုး သတိပေးတာမျိုးတော့ရှိတယ်။ အချိတ်အဆက်နဲ့ သွားလာနေကြရတာပေါ့။ အရင်တုန်းကလိုမျိုးတော့ မဆင်မခြင်မောင်းသွားလို့ မရဘူးပေါ့။ အရာအားလုံး သတိနဲ့ အလုပ်လုပ်နေရတယ်။ ကားသမားဘဝက အရင်ကထက်ပိုပြီး အသက်အန္တရာယ်နဲ့ နီးစပ်လာတယ်။ အရင်ကဆိုရင် ကား (မတော်တဆ) တစ်ခုခုဖြစ်မလား အဲဒါတစ်ခုပဲလေ။ အခုကကျတော့ဗျာ တိုက်ပွဲနဲ့ပဲတိုးမလား။ ဗုံးပဲ ထကွဲမလား။ သွားနေရင်းနဲ့လေ။ ဓားပြပဲတိုက်ခံရပြီးပဲ သတ်ခံရမလား၊ လုခံရမလား၊ အဲဒါတွေပါ ပါလာတယ်လေ။ တော်တော်လေးတော့ မလွယ်ဘူး။

DW ။ အဲဒီလိုမျိုးအခက်အခဲတွေကြားထဲမှာ ကိုယ့်ရဲ့လုံခြုံရေးကို ဘယ်လိုဆောင်ရွက်တာလဲ။

ဖြေ ။ ကိုယ့်လုံခြုံရေးကတော့ ကိုယ်တိုင်ပဲ ဂရုစိုက်နေရတာပေါ့။ လမ်းကြောင်းပေါ် ရောက်ပြီဆိုတာနဲ့ ကားပေါ်မှာရှိတဲ့သူ အကုန်လုံးရဲ့လုံခြုံရေးက ကားသမားလက်ထဲ ရောက်သွားပြီ။ လမ်းတစ်လျှောက်လုံး ဘယ်နေရာ ဘယ်လိုဆိုတာ ကားသမားပဲသိတာလေ။ ဒီနေရာကတော့ တိုက်ပွဲဖြစ်တဲ့နေရာ၊ ဒီနေရာကတော့ ဓားပြတိုက်တတ်တဲ့နေရာ။ ဒီနေရာကိုရောက်ရင် ဆက်သွားရမလား။ ရပ်နေမလား အဲဒါတွေက ကားသမားကပဲ သိတယ်လေ။ ခရီးသည်တွေက ဘာမှမသိဘူး။ အဲဒီတော့ သူတို့အန္တရာယ်ကင်းဖို့ လုံခြုံရေးတာဝန်ပါ ယူပေးနေရတယ်၊ ကားသမားတွေမှာလေ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ခရီးသွားနေရတာ လုံခြုံရေးကတော့ ဇီးရိုး။ အာမခံချက် လုံးဝမရှိဘူး။ ကိုယ်ဖြစ်ရင်ကိုယ်ခံရတာပဲ။ ဓားပြတိုက်ခံရတာလား ရှိတာ‌ပေးလိုက်။ ဘယ်မှာမှသွားတိုင်ဖို့ မစဉ်စားနဲ့။ ဗုံးပေါက်တာလား ကိုယ်ဖြစ်ကိုယ်ခံပဲ။ မသေရင်ကံကောင်းပြီးလို့သာ သတ်မှတ်ပြီးနေလိုက်တော့။ ဘယ်အဖွဲ့ကမှလာပြီး ကူညီမှာမဟုတ်ဘူး။ ကားတစ်စီးလုံးလည်း အချိန်မရွေးဆုံးရှုံးသွားနိုင်တယ်။ ဒါတွေသိရက်နဲ့ ဘာလို့ဆက်လုပ်နေလဲလို့မေး။ မရှိလို့လုပ်စားနေရတာပဲ။ တလောက မိန်းမဆေးရုံတင်ရတယ်။ ၁၈ သိန်းကျော်ကုန်တယ်။ ဒီအလုပ်မလုပ်ရင် အဲဒီပိုက်ဆံဘယ်ကရမှာလဲ။ အသက်အန္တရာယ်ရှိတယ်ဆိုပေမယ့်လည်း လုပ်စားနေရတာပဲလေ။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကွာခြားမှုတွေဘာတွေရှိလဲ။

ဖြေ ။ အဲဒါပြောရရင်တော့အရှည်ကြီးပဲ။ အရင်က လမ်းမှာ မြို့ဝင်ဂိတ်တွေလောက်ပဲ ရှိတာလေ။ အခုက ဂိတ်‌တွေ အများကြီးတိုးလာတယ်။ ဂိတ်တွေမှာပေးဖို့ (ပိုက်ဆံ) အကြွေတွေ လဲသွား‌နေရတယ်။ (ရန်ကုန်- ထားဝယ်) အသွားအပြန်တစ်ခေါက်‌ဆို သုံးသောင်း (ကျပ်) လောက်ကုန်တယ်။ ဂိတ်တွေမှာ ပေးရတာ။ အဲဒါဂိတ်တစ်ခုကို တစ်ထောင်ပဲ ပေးရသေးတာ။ မသထာလည်း ပေးနေရတာပဲ။ သုံးသောင်းဆို ထမင်းစရိတ်အတွက်ရနေပြီလေ။ အဲဒီထဲက ဖဲ့ပေးနေရတာပေါ့။ တစ်ခါတစ်လေကျရင် ဂိတ်တွေရစ်တယ်။ မောင်းပြေးတယ်ဆိုပြီး ရန်ရှာတာခံရတယ်။ သေနတ်တွေနဲ့ချိန်ပြီး ပစ်ထည့်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်ခံရတယ်။ စစ်သားလေးတွေက ကိုယ့်သားသမီးအရွယ်လောက်ပဲ ရှိသေးတယ်။ ‌တော်တော်ကို ရိုင်းရိုင်းစိုင်းစိုင်းဆဲတာခံရတယ်။ ကိုယ့်သားအရွယ် သမီးအရွယ်လေးတွေက ဆဲတာခံရတော့ တော်တော်လေးဒေါသထွက်တယ်။ ဒါပေမဲ့ သူတို့ခေတ်ပဲလေဆိုပြီး သည်းခံနေရတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ မရှိတော့ပါဘူး။

“ကိုယ့်အုပ်စု၊ သူ့အုပ်စု အုပ်စုတွေဖွဲ့လာကြတယ်။ ပြဿနာဖြစ်ရင် အုပ်စုအားကိုးနဲ့ လုပ်ကြတယ်”

ထားဝယ်ခရိုင်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး

DW ။ အရင်ဆုံး ရွာမှာအုပ်ချုပ်ရေးမှူးရှိလားပြောပြပေးပါ။

ဖြေ ။ မရှိဘူး။ အာဏာသိမ်းပြီးကတည်းက မရှိတာအခုချိန်ထိပဲ။

DW ။ အုပ်ချုပ်ရေးမှူးမရှိတော့ မှုခင်းတွေ၊ ပြဿနာတွေဖြစ်ရင် ဘယ်လိုဖြေရှင်းကြလဲ။

ဖြေ ။ ဘယ်လိုလုပ်‌နေသလဲဆို ဖြေရှင်းပေးမယ့်သူမှ မရှိတာ။ ပြဿနာဖြစ်ရင် ကိုယ့်ပြဿနာ ကိုယ်ရှင်း။ ဒါပဲရှိတာပေါ့။ ဖြေရှင်းလို့မှ မရရင် ဒီအတိုင်းထားပေါ့။ အောင့်သက်သက်နဲ့ပေါ့။ နေဦးပေါ့။ နောက်မှတွေ့မယ်ဆိုတာမျိုးပေါ့။ ‌ဖြေရှင်းပေးမယ့်သူ မရှိတာကို အခွင့်ကောင်းယူပြီး လုပ်ချင်တာလုပ်တဲ့သူလည်း ရှိတယ်။ တချို့ကျတော့လည်း ဒီအချိန် ဘာမှလုပ်လို့မရပါဘူးလေဆိုပြီး သည်းခံပြီးနေတဲ့သူလည်းရှိတယ်။ အမျိုးမျိုးပဲ။ သူ့ဟာနဲ့သူတော့ အဆင်ပြေတာပဲ။ ပြဿနာကြီးကြီးမားမားရယ်လို့တော့ မရှိသေးဘူး အခုချိန်ထိလေ။

DW ။ အရင်က အုပ်ချုပ်ရေးမှူးလုပ်ဖူးတော့ လာပြီးအကူအညီတောင်းတာတို့ရှိလား။

ဖြေ ။ အုပ်ချုပ်ရေးမှူးနာမည်သာမရှိပေမယ့် ရပ်ရေး၊ ရွာရေးကတော့ အခုချိန်အထိ လုပ်နေရတုန်းပဲ။ သာရေး၊ နာရေး၊ ကျန်းမာရေးတွေဆိုတာက ပစ်ထားလို့ရတာလည်းမဟုတ်ဘူးလေ။ တချို့ကျတော့လည်း လာပြီး အကူအညီတောင်းကြတယ်။ ဒါလေး ဒါလေး ရှင်းပေးပါဦးဆိုပြီးတော့လေ။ ကိုယ့်ဘာသာရှင်းကြဖို့ပဲ ပြောလိုက်တယ်။ အဲဒါမျိုးတွေထဲမှာတော့ ဝင်မပါချင်ဘူး။ တော်ကြာတစ်မျိုးအထင်ခံရမှာ စိုးလို့လေ။

DW ။ ဘယ်လိုအကြောင်းအရာတွေလာပြီး ကူညီတောင်းကြတာလဲ။

ဖြေ ။ ရပ်ရွာထဲမှာဖြစ်နေကြကိစ္စတွေပေါ့။ မြေလု၊ ခြံလုကြတာတွေမျိုးပေါ့။ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုတွေပေါ့။ တစ်ခါတလေဆိုလည်း ဘယ်သူ ဘယ်ဝါကတော့ ခြံထဲဝင်ခိုးလို့ ဆုံးမပေးပါဆိုပြီး အဲဒီလိုမျိုးတွေပေါ့။

DW ။ အဲဒီလိုပြဿနာတက်ရင် ဘယ်လိုဖြေရှင်းကြတာလဲ။

ဖြေ ။ ခုဏကပြောသလိုပေါ့။ အချင်းချင်းညှိနှိုင်းရတာညှိပေါ့။ မရရင်လည်း ဒီအတိုင်းထားပေါ့။ ကြာလာရင်တော့ အဲဒီလိုမျိုးဖြစ်နေတာက မကောင်းဘူးပေါ့လေ။ ပြဿနာသေးသေးလေးကနေ အကြီးကြီးတွေ ဖြစ်ကုန်ကြတာပေါ့။ စောစောစီးစီးရှင်းလိုက်ရင် အဆင်ပြေသွားမယ့်ကိစ္စ ရှင်းပေးမယ့်သူမရှိတော့ ပိုဆိုးသွားကြတာပေါ့။ ဥယျာဉ်ခြံတွေထဲမှာလည်း အဲဒီလိုပဲပေါ့။ သူ့ခြံငါ့ကိုပေးမဝင်၊ ငါ့ခြံထဲသူ့ကို မဖြတ်ခိုင်း အဲဒါနဲ့ ရန်တွေထဖြစ်။ တဖြည်းဖြည်းနဲ့ စိတ်ဝမ်းတွေကွဲကုန်တာပေါ့။

DW ။ ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ့်တရားကိုယ်စီရင် အဲဒီလို ပုံစံဖြစ်နေကြတာပေါ့။

ဖြေ ။ အဲဒီလိုမျိုးပဲ ပြောရမှာပေါ့။ ဥပဒေစိုးမိုးမှုမှ မရှိတော့တာကိုး။ အဲဒီအချိန်မှာ ဥပဒေကတော့ ဘယ်လိုရှိပါတယ်။ သွားပြောနေလို့ ရတဲ့အချိန်မျိုးလည်း မဟုတ်ဘူးလေ။ တတ်နိုင်သလောက်ညှိကြ။ မရရင်တော့ ကြိုက်သလိုသာ လုပ်ပေတော့ဆိုပြီး လွှတ်ပေးလိုက်ရတာပေါ့။ အရင်ကဆိုရင်တော့ ရပ်ရွာက ဖြေရှင်းမရရင် မြို့နယ်တို့ကို သွားလို့ ရတယ်လေ။ အဲဒါမှ မကျေနပ်ရင် ရသေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေခေါ်ပြီး ဖြေရှင်းခိုင်းလို့ ရတယ်လေ။ အခုကတော့ ဖြစ်ချင်သလိုဖြစ်နေကြတာပဲ။

DW ။ ကိုယ့်ရွာထဲ ဖြစ်ချင်သလိုဖြစ်နေကြတဲ့အပေါ် အုပ်ချုပ်ရေးမှူးလုပ်ဖူးတဲ့ သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ခေတ်ပျက်ကြီးလေ။ ခေတ်ပျက်ကြီးလို့ မြင်တာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် မယုံကြတော့ဘူး။ ကိုယ့်အုပ်စု၊ သူ့အုပ်စု အုပ်စုတွေဖွဲ့လာကြတယ်။ ပြဿနာဖြစ်ရင် အုပ်စုအားကိုးနဲ့ လုပ်ကြတယ်။ မှားတယ်၊ မှန်တယ်ဆိုတာထက် ဆွေမျိုးအုပ်စု၊ ငွေကြေးအုပ်စုကြီးတဲ့သူတွေပဲ အသာရကြတယ်။ အဲဒီလိုမျိုးတွေမြင်လာရ‌တော့ ခံရတဲ့သူတွေဘက်ကကြည့်ရင် ဘာမှလည်း အားကိုးအားထားမရှိကြဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ဘယ်သူ့ကို အားကိုးပြီး သွားရမလဲဆိုတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့”

ထားဝယ်မြို့ခံတစ်ဦး

DW ။ လက်ရှိ ထားဝယ်ဒေသရဲ့ အခြေအနေကို တစ်ချက်ပြောပြပါလား။

ဖြေ ။ အခုချိန်မှာက တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အချိန်လေ။ မရှိတော့ဘူးဆိုတာကလည်း လက်ရှိ ဆောင်ရွက်နေတဲ့သူတွေကလည်း တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်တာ မဟုတ်တော့ဘူးဆိုတော့ ပြည်သူလူထုတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ ဘယ်သူ့ကိုအားကိုးပြီး သွားရမလဲဆိုတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ထားဝယ်ဒေသတစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် အခုချိန်မှာ ကျူးလွန်သူတွေပဲ ရှိပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဆောင်ရွက် ပေးနိုင်တဲ့သူ (တားဆီးနိုင်သူ) က မရှိဘူးလေ။ ကိုယ့်ဟာကိုပဲ စောင့်ရှောက်နေကြရတဲ့ အပိုင်းဖြစ်နေတာပေါ့။ ဖမ်းဆီးမယ့် တားဆီးမယ့် ကာယကံရှင်တွေကိုယ်တိုင်ကတောင် တရားဥပဒေနဲ့ ဆောင်ရွက်တာမရှိဘူးလေ။

DW ။ အရင်တုန်းကဆိုရင်ရော ထားဝယ်မြို့အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ အရင်တုန်းကဆိုရင် ခိုးတာပဲဖြစ်ဖြစ်။ တစ်ခုခုပေါ့လေ။ ဥပမာအားဖြင့် ဘယ်လိုပြောရမလဲဆိုရင် လူတစ်ယောက် သတ်ဖြတ်သွားတယ်ဆိုရင် သိတာနဲ့ကို အုတ်အော်သောင်းနင်းဖြစ်ကြတယ်လေ။ အခုချိန်မှာကတော့ လူတစ်ယောက် သေသွားတယ်ဆိုရင် ကြက်သတ် ငှက်သတ်သလို။ ဖြစ်စဉ်ရိုးသွားသလိုတောင် ဖြစ်နေတယ်။ ဒီကိစ္စကြီးက အဆန်းမဟုတ်တော့တဲ့ အခြေအနေဖြစ်လာတယ်။

အရင်တုန်းက ဆိုင်ကယ်ဖမ်းတယ်ဆိုရင် ဦးထုပ်မပါတာဖမ်းမယ်။ မှန်ကိုင်းမပါရင်ဖမ်းမယ်။ လိုင်စင်မပါရင်ဖမ်းမယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်တွေ ဖမ်းပေါ့။ အခုက ဒါတွေမဟုတ်ဘဲနဲ့ တခြားဟာတွေပါ ဖြစ်လာတယ်လေ။ ဖြစ်လာတဲ့အချိန်မှာလည်းပဲ ပြေးတာတွေ (ဆိုင်ကယ်မောင်းပြေး) ရှိတယ်လေ။ အရင်တုန်းကလည်းရှိတာပဲလေ။ အခုက ပြေးရင်သေနတ်တွေနဲ့ ပစ်တာတွေရှိလာတယ်လေ။ ဒါတွေက သူတို့ဘက်က ဖောက်ဖျက်နေတာတွေပေါ့။ တကယ်တမ်းက တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရမယ်ဆိုတဲ့ သူတွေက တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက်နေတာပေါ့။ သူ့ကိုသေနတ်နဲ့ ပစ်ခွင့်ပေးထားလားပေါ့ ဒါက။

မြို့ထဲမှာသွားလာနေကြတာက အခုမှမဟုတ်ဘူးလေ။ အစကတည်းက သွားလာနေကြတာပဲ။ (ဆိုင်ကယ်စီး) ဦးထုပ်မဆောင်းလို့ အဖမ်းခံရရင်လည်း ရယ်လိုက်ပြုံးလိုက်နဲ့ပဲ ဒဏ်ငွေဆောင်လိုက်ရပြီဆိုတာနဲ့ ပြီးသွားတဲ့ဟာပဲ။ ပြေးလို့လွတ်သွားရင်လည်း လွတ်သွားတာပဲလေ။ ဒီလိုလွတ်လာတဲ့သူတွေလည်း အများကြီးပဲလေ။ အခုလောက်အထိ ပစ်ပြီးတော့ ဖမ်းဆီးတဲ့အဆင့်အထိ မရှိပါဘူး။

DW ။ အဓိကကတော့ အခုဖြစ်နေတဲ့ ခေတ်စနစ်အခြေအနေကြောင့် တရားဥပဒေစိုးမိုးမှုမဲ့လာတဲ့ အဓိပ္ပါယ်လားခင်ဗျား။

ဖြေ ။ ဖြစ်လာတဲ့ အကြောင်းအရင်းက တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရမယ်ဆိုတဲ့လူတွေက တရားဥပဒေနဲ့အညီ မဆောင်ရွက်နိုင်လို့ ဒါတွေက ပိုပြီးများလာတာ။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“လုံးဝခရီးမသွားရဲလောက်အောင်ကို ဖြစ်နေတယ်”

မလွဲတောင်တွင် ဓားပြတိုက်ခံရသူတစ်ဦး၏ သူငယ်ချင်းအမျိုးသမီး

DW ။ ညီမသူငယ်ချင်းတစ်ယောက် မလွဲတောင်စစ်ဆေးရေးဂိတ်မှာ ဓားပြတိုက်ခံရတယ်လို့ ပြောတယ်။ အဲ့ဒီလို ကြုံခဲ့ရတာကို ပြန်ပြောပြလို့ရမလား။

ဖြေ ။ သူက သံဖြူဇရပ်နဲ့ ရေးကြားမှာ ဓားပြတိုက်ခံရတယ်။ ရန်ကုန်ကို သူကသူ့လူနာရဲ့ ကျန်းမာရေးကိစ္စနဲ့ လိုက်သွားပေးတယ်ပေါ့နော် သူက ဆရာမဆိုတော့။ လိုက်ပေးပြီး ပြန်လာဖို့ လေယာဉ်လက်မှတ်က လုံးဝမရဘူး။ သူက ဂျူတီ ၅ ရက်မှာသွားတာဆိုတော့ ၃ ရက်နေ့ထဲမှာ ဂျူတီဝင်ရဖို့ဆိုတော့ ၂ ရက်နေ့ အရောက်လာရဖို့ဆိုတော့ လူနာလည်းပါတယ်။ ကားနဲ့ပြန်လာတာမှာ ရေးနဲ့ သံဖြူဇရပ်ကြားမှာ မိုးသောက်ထ ၅ နာရီထိုးလောက်ကို ဓားပြတိုက်ခံရတယ်။

DW ။ သူပြောပြတဲ့ထဲမှာ ဓါးပြတိုက်ခံရတာ ကားတစ်စီးပဲလား။

ဖြေ ။ ရှေ့မှာက လေးငါးစင်းလောက် ရပ်ခိုင်းထားတယ်။ ရှေ့ကကားတွေကို ကန့်လန့်လုပ်ပြီး လမ်းပိတ်ရပ်ထားတော့ နောက်ကကားတွေလည်း လုံးဝ ရှေ့ဆက်သွားမရဘူးပေါ့။ ရှေ့ကကားတွေကိုလည်း သေနတ်နဲ့ချိန်ထားတယ်ပေါ့နော်။ နောက်က ကားမောင်းသမားကိုလည်း သေနတ်နဲ့တေ့ပြီးမှ ကားပေါ်က လူတွေ အားလုံးကို ဆင်းခိုင်းတယ်ပေါ့။ ဆင်းခိုင်းပြီးမှ လက်မြှောက်ပြီး ခေါင်းငုံပြီး ထိုင်းခိုင်းထားတယ်။ လုံးဝ အပေါ်ကို မော့မကြည့်ခိုင်းဘူး။ ကားပေါ်ကလူတွေအားလုံးဆင်း ခရီးသည်တွေအားလုံးဆင်း လွယ်အိတ်လွယ်ထားသူတွေကိုလည်း လွယ်အိတ်ကိုဆွဲဖြုတ် အဲဒီလိုလုပ်တယ်တဲ့၊ စုစုပေါင်း ကားငါးစီးရှိတယ်ဆိုပြောတယ်။ အိမ်စီးကားတွေပါရောဆိုရင်။

DW ။ သူပြောပြတဲ့အထဲမှာ လူဘယ်နှစ်ယောက်လောက်ရှိတယ်လို့ပြောလဲ။

ဖြေ ။ သူပြောပြတာကတော့ ခရီးသည်ကားတစ်ကားလုံးပဲ ပါတယ်လို့ပြောတယ်။ ကျန်ကားတွေမှာတော့ မသိဘူးတဲ့ ခေါင်းငုံ့ခိုင်းထားတယ်။ အပေါ်ကို မော်မကြည့်ခိုင်းဘူး ဆိုတော့လေ လက်တွေကို ခေါင်းပေါ်တင်ခိုင်းထားတယ်။ သူတို့အားလုံး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာတော့ မသိဘူးပေါ့လေ။ ခရီးသည်အားလုံးဆီက ပိုက်ဆံတွေ လက်ဝတ်လက်စားတွေ ဖုန်းတွေ မှတ်ပုံတင်တွေအားလုံးယူတယ်တဲ့။ သူ့မှာဆို ယာဉ်မောင်းလိုင်စင်တွေရော ပါသွားတယ်။ စဖြစ်ဖြစ်ချင်းတုန်းက သူတို့လည်း လုံးဝ သတိမထားမိဘူးတဲ့ အိပ်မောကျသွားချိန်မှာ သူတို့ မလွဲတောင်ကိုရောက်လို့ လမ်းဆင်းလျှောက်ခိုင်းတယ်လို့ ထင်နေတာတဲ့။

DW ။ အဲဒီလို ဓါးပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အကြောင်းကြားတာမျိုး ရဲကိုတိုင်ပြီး အမှုဖွင့်တာမျိုးရှိလား။ ရဲတွေဘက်ကရော ကားဘက်ကပါ ဘာပြောလဲ။

ဖြေ ။ ဘာမှတော့မရှိဘူး။ အဲ့ဒါတွေလည်း ဘာမှမလုပ်ပေးဘူးလို့ပြောတယ်။ ကားကလည်း သူတို့ဟာလည်းပါ ငါ့ဟာလည်းပါ တစ်ကားလုံးပါသွားတယ်ဆိုတော့လေ သူတို့လည်း ဘာမှမလုပ်ပေးနိုင်ဘူးပေါ့။ မတိုင်တာက တစ်ခုခုဖြစ်မှာကြောက်လို့တဲ့။ သူကြောက်လည်း ကြောက်တယ်ပေါ့နော်။ သူ့တစ်ယောက်တည်းလည်း မဟုတ်ဘဲကိုး၊ အားလုံးပါသွားတာဆိုတော့ သူ့တစ်ယောက်တည်း ကွက်ပြီးလိုက်တိုင်ရင်လည်း နောက်ဆုံးသူ့ကို ရန်ရှာလာမှာစိုးလို့တဲ့။ သူတို့မိသားစုကလည်း လူကိုအန္တရာယ်မပြုဘဲ ပြန်ရောက်လာတာကိုပဲ ကျေးဇူးတင်ရဖို့တဲ့။ ပြန်လာတည်းက သူ အရမ်းကို Depression (စိတ်ကျ) ဝင်နေတယ်ပေါ့နော်။ သူ့စလင်းဘတ်အိတ်ကို ဆွဲလိုက်တဲ့ချိန်တည်းက သူအရမ်းကိုလန့်သွားတယ်ပေါ့။ နောက်ထပ်ဆို သူ လုံးဝခရီးမသွားရဲလောက်အောင်ကို ဖြစ်နေတယ်ဆိုပြီးပြောတယ်။

DW ။ အာဏာသိမ်းကာလမှာ တရားဥပဒေစိုးမိုးမှုက အခုကာလမှာ ဘယ်လိုအခြေနေရှိတယ်လို့ ညီမ မြင်လဲပေါ့။

ဖြေ ။ တရားဥပဒေစိုးမိုးမှုကတော့ လုံးဝကို မရှိဘူးလို့ပဲပြောရမယ်။ တစ်ခုခုဖြစ်လာရင် ပြည်သူထဲက ပြည်သူပဲ ရှိတယ်လို့ပြောရမယ်။ သူတို့ (စစ်ကောင်စီအဖွဲ့) ကို သွားတိုင်လည်းမရဘူး။ သူတို့ကိုအားကိုးလို့လည်း မရဘူး။ သွားတိုင်ရင် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုသလိုမျိုးဖြစ်နေတယ်။ ဒီပုဒ်ထဲက ဒီပဲလိုမျိုး ဖြစ်နေတယ်။ နောက်ပြီး မတရားခံရသူတွေကလည်း ထုတ်ဖော်မပြောရဲဘူးပေါ့လေ။ တရားဥပဒေစိုးမိုးရေးက လုံးဝကို မရှိဘူးဖြစ်နေတယ်။ ဖြစ်ချင်သလိုမျိုးဖြစ် မင်းမဲ့တိုင်းပြည်လိုမျိုးကိုဖြစ်နေပြီ။ အဲဒီချိန်မှာ ဓါးပြဝင်တိုက်လည်း ဘယ်သူမှလည်း အားကိုးရမှာမဟုတ်ဘူး။ အပြစ်သားကတော့ လွတ်မြဲတိုင်းလွတ်နေမှာပဲ။

DW ။ နောက်ပြီး သတ်ဖြတ်မှုတွေလည်း ဖြစ်နေတယ်ပေါ့လေ။ ဒီလိုအခြေအနေမှာ ဘယ်လိုလုပ်ပြီး နေနေရတာလဲပေါ့။

ဖြေ ။ ဟိုဘက်ကိုလည်း ယုံမရဲ ဒီဘက်ကိုလည်း ယုံမရဲပေါ့လေ။ အခုချိန်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ လုံးဝကို မရှိဘူး။ ဘာလို့လဲဆိုတော့ တစ်ဖွဲ့ဖွဲ့က ကိုယ့်ကို လာသတ်သွားရင်တောင် ဘယ်အဖွဲ့က သတ်လဲဆိုတာ ဘာမှသေချာမသိနိုင်ဘူး။

အခု ကိုယ့်ကိုယ်ကိုယ်တောင် နေနေရတာ Safe (လုံခြုံမှု) မဖြစ်ဘူး။ တစ်ခါတစ်လေကျရင် ကိုယ့်အသက်ကိုယ် တာဝန်ယူနေရတယ်။ လမ်းထွက်ရင်လည်း မလုံခြုံဘူး။ ဘယ်အဖွဲ့ကပဲ ငါ့ကိုလာသတ်မလဲ လမ်းမှာဆိုလည်း မိုင်းတွေဘာတွေ ထောင်ထားမလား၊ ခရီးဝေးဝေးဆိုလည်း အခုထက်ထိကို သွားမရဲဘူး။

DW ။ ခံရတဲ့သူတွေဘက်က ဘာကြောင့် ရဲတိုင်တာတွေနည်းလာတယ်လို့ရော ထင်လဲ။

ဖြေ ။ သူတို့ကိုပြောလဲ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) လည်း ထိထိရောက်ရောက် လုပ်ပေးမှာလည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့အုပ်ချုပ်နေတဲ့ကာလမှာ အမှန်တရားဆိုတာရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စကစနဲ့ ရဲတွေနဲ့ဆိုတာ အတူတူပဲလေ။ အဲဒီလိုဆိုတော့ သွားပြောလည်း အလကားပဲ။ တိုင်လည်း ဘာမှ ထူးလာဖို့ မဟုတ်ဘူး။ အမှန်တရားလည်း ပေါ်လာမှာ မဟုတ်ဘူးဆိုတော့ သူတို့ကိုလည်း မယုံကြည်မဲ့ အတူတူ လူတွေလည်း ကိုယ့်ဘာသာနဲ့ကိုယ် သိုသိပ်ပြီး ငြိမ်နေလိုက်တာက များတယ်။ သူတို့ အုပ်ချုပ်နေတဲ့ ကာလကိုး။ အဲဒီတော့ ပြည်သူတွေကပဲ ဒီလိုတွေမဖြစ်အောင် အချင်းချင်း ဘယ်လိုလုပ်ပြီးနေထိုင်သွားရမလဲဆိုတာပဲ ရှိတယ်။ သူတို့လက်ခုပ်ထဲက ရေဖြစ်နေတယ်ဆိုတော့ ပြည်သူတွေလည်း ဘယ်ကိုသွားတိုင်လို့ တိုင်ရမှန်း မသိဖြစ်နေတယ်ပေါ့။

“ရွာထဲရပ်ထဲကို ရဲတွေဝင်တာမကြိုက်ဘူးဆိုတာတွေမျိုးရှိတယ်လေ”

ထားဝယ်ခရိုင်မှ ရှေ့နေ အမျိုးသမီးတစ်ဦး

DW ။ အခုလက်ရှိအာဏာသိမ်းကာလမှာ အမှုလက်ခံရရှိတဲ့အခြေအနေက နည်းသွားလား၊ များလာလား။

ဖြေ ။ ကျွန်မတို့က အပြင်ကရှေ့နေဆိုတော့၊ သူတို့ အမှုဖွင့်တယ်ဆိုတာကလည်း တရားရုံးတို့ ရဲစခန်းတို့သွားပြီးတော့ပဲ အမှုတွေပတ်သက်လာရင်လေ။ ကျွန်မတို့ဆီကိုက ရှေ့နေငှားမှ ရောက်လာတာဆိုတော့ အရင်ကနဲ့စာရင် နည်းလား များလားဆို နည်းတော့ နည်းမယ်ဆိုတော့ ခန့်မှန်းမိတယ်ပေါ့လေ။ တိတိကျကျတော့ ကျွန်မအနေနဲ့ ပြောမနိုင်ဘူး။ ဘာလို့လဲဆိုတော့ အရင်တုန်းကလိုမျိုး ရုံးမှာ အမှုတွေလည်ပတ်နေတုန်းက ကိုယ်က ရုံးမှာရှိတယ်ဆိုတော့ သိနေနိုင်တယ်လေ။ ဘယ်အမှုတွေ များနိုင်တယ်ဆိုတာလေ။ အခုက ကျွန်မတို့ ကိုယ်တိုင်ကို အမှုမရှိဘူး။ ရုံးကိုလည်း ဥပမာပေါ့နော် ကိုယ့်ကိစ္စပြီးရင် ကိုယ်ပြန် ရုံးမှာလည်း အချိန်ကြာကြာနေတာတွေမရှိဘူးဆိုတော့ သိပ်ပြီးမသိတော့ဘူး။ အရင်တုန်းကဆိုရင်တော့ သိတယ်။

DW ။ ဥပမာ ခိုးမှု၊ လုယက်မှုတစ်ခုခုပေါ့။ ဥပဒေကြောင်းအရ သွားတာမျိုးတွေမှာ ရှေ့နေတွေနဲ့ တိုင်ပင်တာမျိုးတွေရှိတယ်။ ရှေ့နေငှားရမ်းတာမျိုးတွေရှိတယ်လေ။

ဖြေ ။ အရင်တုန်းကဆို လူတစ်ယောက်ကပေါ့နော် ကိုယ့်အိမ်မှာ ခိုးခံရတာဖြစ်ဖြစ် ဖောက်ထွင်းခံရတာမျိုးပဲဖြစ်ဖြစ် အဓိကအကြောင်းကြားတာ ရွာလူကြီးပဲ အကြောင်းကြားတယ်။ ရွာလူကြီးကနေမှ တစ်ဆင့် ရဲစခန်းကို အကြောင်းကြားမယ်။ အဲဒီလိုရှေ့နေတွေနားကို ရောက်လာတယ်ဆိုတာ တရားလိုထက် တရားခံဘက်ကပဲ ရောက်လာတာပဲများတယ်။ ကိုယ်က မမှန်ဘဲနဲ့ စွပ်စွဲခံရတာမျိုးတွေ ရှေ့နေငှားရမ်းတာမျိုးရှိတယ်။ တချို့က ရှေ့နေငှားရမ်းတယ်ဆိုတာ အမှုမဖြစ်ခင်၊ အမှုဖြစ်ပြီးနောက်မှာ တရားလိုဘက်က တိုင်ပင်တယ်ဆိုတာက မြေယာအမှုတွေ အဲဒီလိုမျိုး တရားမမှုနဲ့ပတ်သက်တာတွေပဲ တိုင်ပင်တာများတယ်။ မြေကိစ္စ အရောင်းအဝယ်ကိစ္စတွေပေါ့နော်။ ပြစ်မှုမှာကတော့ တစ်ယောက်နဲ့ တစ်ယောက် မြေယာအငြင်းပွားမှုကိစ္စတွေ ကျူးကျော်မှုတွေ ကျော်နင်းမှုတွေတော့ ရှိတော့ရှိတယ်။ ကျွန်မမှာ မရှိလို့လားတော့ မသိဘူး ကျွန်မမှာတော့ မရှိဘူး။

DW ။ အာဏာမသိမ်းခင်ကာလနဲ့ အာဏာသိမ်းကာလမှာ အမှုလက်ခံရရှိတဲ့အခြေအနေက အရင်ကနဲ့ ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဖြေ ။ ကွာခြားတာကတော့ ကွာသွားတာပေါ့လေ။ ကွာခြားတာကတော့ စီးပွားရေးအနေနဲ့ကို လုပ်စားမရဘဲ။ ရှေ့နေအလုပ်ဆိုတာ စီးပွားရေးပဲလေ။ အပြင်ရှေ့နေတစ်ယောက်အနေနဲ့ကတော့။ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းကိုပဲ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ အဆင်ပြေနေကြတယ်။ ကိုယ့်မှာ အမှုသည်မရှိတိုင်း အမှုမရှိဘူးလို့ ပြောမရဘူး။ ကျွန်မတို့ သူငယ်ချင်းတွေမှာဆို တော်တော်များများက ကျွန်မလိုမျိုးပဲ။ အရင်တုန်းကနဲ့စာရင် (အမှုလက်ခံရရှိမှု) သုံးပုံတစ်ပုံလောက်ကို နည်းသွားတယ်။

DW ။ အာဏာမသိမ်းခင်ကအခြေအနေနဲ့ အာဏာသိမ်းကာလမှာ ဥပဒေစိုးမိုးမှုအခြေအနေက ဘယ်လိုရှိတယ်လို့ မြင်လဲ။

ဖြေ ။ ဥပမာ ဆိုင်ကယ်ခိုးခံရတယ်၊ လမ်းဘေးမှာ ဆိုင်ကယ်သိမ်းခံရတယ်ဆိုတာမျိုးပေါ့လေ။ ဥပမာ ကြားတော့ကြားရတယ်။ ဒါပေမဲ့ ကာယကံရှင်ကိုယ်တိုင်က အဲဒီလိုမျိုးတွေကို ဥပဒေကြောင်းအရ ဖြေရှင်းမယ်ဆိုတာမျိုးတွေ မရှိဘူး။

DW ။ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ပြောလို့ရမလား သို့မဟုတ် ရှိနေသေးတယ်လို့ ပြောလို့ရမလား ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ အမြင်နဲ့ဆိုရင်တော့ စိုးမိုးမှုမရှိဘူးပေါ့။ မရှိဘူးဆိုတဲ့အပေါ်မှာ သုံးသပ်ရရင်တော့ လူတွေဆိုတာက ကြောက်တတ်တဲ့ လူတွေပဲလေ။ ဥပမာ ပြဿနာတစ်ခုဖြစ်လာမယ်ဆိုရင် ကိုယ့်မှာ တရားစွဲအဖွဲ့အစည်းနဲ့ ပတ်သက်ရပြီလေ။ ပတ်သက်ရပြီဆိုတာနဲ့ တရားခံဆိုလည်း ကိုယ်လွတ်ချင်တာမျိုးရှိမယ်။ တရားလိုဘက်ကလည်း သူ့ကိုထောင်ချချင်တာမျိုးတွေရှိမယ်။ အဲဒီလိုဟာတွေအပေါ်မှာ လူလူအချင်းချင်းဖြစ်လို့ပဲ တရားမျှတမှုပိုပြီးတော့ နည်းနည်း ပိုပြီးယိမ်းယိုင်တယ်ပေါ့နော်။

DW ။ ရဲစခန်းတွေမှာရော တိုင်တန်းတာတွေ နည်းမယ်ဆိုထင်လား။

ဖြေ ။ နည်းမှာပေါ့၊ ဘာလို့ဆို ဥပမာ အမှုတစ်ခုဖြစ်ပြီဆိုပါတော့ ထားဝယ်မှာ မဟုတ်ဘဲ ကျောက်ရပ်တို့ဘာတို့ဆိုပါစို့၊ ရဲစခန်းကိုလာတိုင်မယ်၊ ရဲတွေအဲ့ဒီရွာတွေဝင်လာမယ်၊ လာစစ်ဆေးမယ်၊ လာစစ်ဆေးရင် ရပ်ရွာထဲမှာတစ်ခါ နင်တို့က ရဲနဲ့ပတ်သက်တယ်ဆိုပြီး အမြင်စောင်းဖို့၊ ရွာထဲရပ်ထဲကို ရဲတွေဝင်တာမကြိုက်ဘူး ဆိုတာတွေမျိုး ရှိတယ်လေ။ အဲဒီလိုသဘောတွေဆိုတော့ လူတွေလည်း အေး..ရပြီလေ ဆုံးရင်လည်း ဆုံးပါစေတော့ ကံပဲဆိုပြီး လက်ကိုင်ထားထားတာရှိတယ်လေ။ ကိုယ်မခံချင်ဘူးဆိုတာမှန်တယ် ဒါပေမဲ့ မခံချင်စိတ်ကို ကံပဲဆိုတာနဲ့ပဲ နေလိုက်တာများတယ်လို့မြင်တယ်။