ထားဝယ်မြို့ကို လှုပ်ခတ်သွားသည့် ကောလာဟလဂယက်

0
5056

ဆိုင်ကယ်မြို့တော်ဟု ခေါ်နိုင်လောက်သည့် ထားဝယ်တွင် ယခုရက်ပိုင်းအတွင်း ၁၉၁ ကောလာဟလသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်။

၁၉၁ ကောလာဟလဆိုသည်မှာ ဆိုင်ကယ်၊ သုံးဘီး စသည့် မော်တော်ယာဉ်များပေါ်တွင် မီးသတ်စခန်းကို အရေးပေါ် ဖုန်းခေါ်ဆိုနိုင်သည့် ၁၉၁ နံပါတ် ရိုက်နှိပ်ထားသော စတေကာမတပ်ပါက ဖမ်းဆီး ဒဏ်ရိုက်ခံရမည်ဆိုသည့် ရေးသားပြောဆိုမှုများပင် ဖြစ်သည်။

ကောလာဟလ သတင်းဆိုသည့်အတိုင်း အခြေအမြစ်မရှိသည့် အကြောင်းအရာတစ်ခုဖြစ်သော်လည်း လူထုကြားထဲသို့ အချိန်တိုတိုအတွင်း အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

အကျိုးဆက်အနေဖြင့် ထားဝယ်မြို့ မီးသတ်လမ်းဆုံတွင်ရှိသည့် တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးဝင်းအတွင်း စိုးရိမ် သောက ကြောက်လန့်စိတ်ဖြင့် ဆိုင်ကယ်၊ သုံးဘီးသမားများ စုပြုံတိုးဝှေ့ပြီး ၁၉၁ စတေကာများ လာရောက် တပ်ဆင်ကြလေတော့သည်။

ကောလာဟလက ထိုအဆင့်တွင် ရပ်မသွားခဲ့။

အနီရောင် စတေကာများဖြင့် ထားဝယ်မြို့ကြီး အနီရောင်ပြန်လွှမ်းမည့် အတိတ်နိမိတ်ဖြစ်သည်ဟု ထပ်ဆင့်ရေးသား ဖြန့်ဝေမှုများ လူမှုကွန်ရက် Facebook တွင် ရေးသားပြောဆိုမှုများ၊ ဆဲရေးတိုင်းထွားမှုများပါ အဆစ်ပါလာခဲ့သည်။

“တချို့က ၁၉၁ မတပ်ရင် ဒဏ်ရိုက်မယ်ပြောကြတယ်။ တချို့ကလည်း အနီရောင်စတေကာ ကပ်ထားတာတွေ့ရင် ဖမ်းခံရမယ်ပြောတယ်။ ဘယ်ဟာကို လိုက်လုပ်ရမှန်းကိုမသိတော့ဘူး” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် အရေးပေါ် ၁၉၁ နံပါတ်သို့ စမ်းသပ်ဖုန်းခေါ်ဆိုသူလည်း အလွန်များပြားလာခဲ့ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးက ပြောဆိုသည်။

မီးလောင်ကျွမ်းမှု ကဲ့သို့သော အရေးပေါ်အခြေအနေမျိုးကြုံရပါက ဖုန်းခေါ်ဆိုရ အခက်အခဲနှင့် ရင်ဆိုင်ရပြီး မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှု ပိုများသွားစေမည့် အခြေအနေမျိုးဖြစ်လာနိုင်သည်။

မည်သည့်အကြောင်းအရင်းကြောင့် ကောလာဟလ ပျံ့နှံ့လွယ်ရသနည်း။

ကြောက်စိတ်ကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။

ထားဝယ်မြို့တွင် ဆိုင်ကယ်၊ ကားစသည့် မော်တော်ယာဉ်များကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ်စစ်ဆေး ဖမ်းဆီးနေသဖြင့် ‌ထိုအရာနှင့်ပတ်သက်ပြီး လူထုမှာ အကြောက်တရားရှိနှင့် ပြီးသားဖြစ်နေသည်။

အစပထမ မောင်းလိုင်စင်၊ ဆိုင်ကယ်၊ ကားလိုင်စင် စသည့် စာရွက်စာတမ်း အထောက်အထားများ၊ ဆိုင်ကယ်ဦးထုပ် စသည့်တို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးသည်။ မပြည့်စုံပါက ဖမ်းဆီးဒဏ်ရိုက်သည်။

ဂါဝန်၊ အိမ်မွေးတိရစ္ဆာန်များ တင်ဆောင်မောင်းနှင်းခြင်းများအထိ တစ်ဆင့်တက် အရေးယူသည်။ ထို့နောက် မီးလင်းစတေကာ(ရောင်ပြန်စတေကာ)၊ ယခုနောက်ဆုံးမှာ ဘီးခွန်ဖြစ်သည်။

ထားဝယ်မြို့သည် ဆိုင်ကယ်မြို့တော်ဖြစ်လင့်ကစား မော်တော်ယာဉ်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ခေတ်အဆက်ဆက် မရင်းနှီးကြပေ။

ယခင်အစိုးရအဆက်အဆက်က စည်းကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှုများကို ဖမ်း‌ဆီးအရေးယူမှုများရှိသော်လည်း ယခုကဲ့သို့ အသေးစိတ်မစစ်။

အဓိကထားစစ်သည်မှာ မောင်းလိုင်စင်၊ ယာဉ်ပိုင်ဆိုင်မှုအထောက်အထား၊ ဆိုင်ကယ်စီးဦးထုတ် စသည်တို့သာ ဖြစ်သဖြင့် မော်တော်ယာဉ်ဆိုင်ရာ စည်းကမ်းချက်ဆိုသည်မှာ ထိုအချက်များနှင့်သာ ရင်းနှီးခဲ့ကြသည်။

စစ်ကောင်စီကမူ ထိုသို့မဟုတ်။ အသေးစိတ်ကို သေနတ်ပြစစ်ဆေးသည်။ အခန့်မသင့်က ပစ်ခတ်ဖမ်းဆီးသည်။

ဖိနပ်မပါဘဲ ဆိုင်ကယ်မောင်းနှင်သည်ဆိုကာ ဥပဒေထဲတွင်မပါသည့်အချက်များကိုပင် အကြောင်းပြဖမ်း‌ဆီး ဒဏ်ရိုက်လာကြသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် သတင်းပေးဒလန်ဟုဆိုသူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်ထွက်ပြေးသည့် ဖြစ်စဉ်များကြောင့် ထိုကဲ့သို့ ယာဉ်မောင်းသူများအပေါ် တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး အကြောက်တရားကို ရိုက်သွင်းထားကြောင်း ပြောဆိုနေကြသည်။

စစ်ကောင်စီကမူ ယာဉ်မတော်တဆမှုများမှ လူသေဆုံးမှုလျော့ကျရန် စီမံချက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မည်သို့ပင်ဆိုစေ အများသုံး‌ယာဉ်စနစ်မထွန်းကားသဖြင့် ဆိုင်ကယ်ကို မရှိမဖြစ်အသုံးပြုနေရသည့် လူထုမှာ အထောက်အထားမပြည့်စုံသဖြင့် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ကြသည်သာဖြစ်သည်။

ယင်းအတွက်ကြောင့်လည်း ၁၉၁ စတေကာ မပါက ဖမ်းခံရနိုင်သည်၊ ဒဏ်ရိုက်ခံရနိုင်သည်ဆိုခြင်းမှာ ဖြစ်နိုင်‌ခြေ ရှိသည်ဟုယူဆကာ ကောလာဟလမှာ အချိန်တိုတိုအတွင်း လွယ်လွယ်နှင့် ပျံ့နှံသွားခြင်းဖြစ်သည်။

“ဘီးခွန်ဆိုလည်းဘီးခွန်၊ မီးလင်းစတေကာဆိုလည်း စတေကာ၊ အဲဒီသတင်းတွေ အရင်ထွက်ခဲ့တာ အကုန်မှန်နေတာ ပဲလေ။ အခုလည်း (၁၉၁ စတေကာမပါရင်) မဖမ်းဘူးလို့ အားမမခံနိုင်ဘူး” ဟု ထားဝယ်မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။

ကောလာဟလ စတင်ထွက်ပေါ်သည်က လူမှုကွန်ရက် စာမျက်နှာတစ်ခုမှ ဟုဆိုနိုင်သည်။

Dawei Watch ၏ စိစစ်အချက်အရ ၁၉၁ ကောလာဟလကို အွန်လိုင်းပေါ်စပြန့်လာသည်မှာ Facebook အကောင့်တုတစ်ခုမှဖြစ်သည်။

ထိုအကောင့်တုက တင်ပြီး နာရီပိုင်းအကြာတွင် မီးသတ်ဦးစီးဌာနတွင် လူအများတိုးဝှေ့ပြီး စတေကာ လာကပ်ကြသည်။

နောက်ပိုင်းတွင် ထိုအကောင့်တုတွင် ရေးသားထားသည့်စာကို ပြန်လည်ဖြုတ်ချပစ်ခဲ့သည်။

ယင်းနောက် အခြား Facebook အကောင့်တို့ကလည်း ဆင့်ကဲ့ဆင့်ကဲတင်လာကြသည်။ ထိုအထဲတွင် တော်လှန်ရေးတွင် ပါဝင်နေသူတို့၏ အကောင့်အချို့လည်း ပါဝင်ကြသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ကောလာဟလကို စဖြန့်ခဲ့သည်ကိုမသိရသော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအရ အသုံးချမှုများဖြစ်လာ၍ ပြည်သူများ ကြောက်စိတ်ကို ပိုတိုးလာစေသည်။

ကြောက်စိတ်ဖြင့် စတေကာ‌သွားတပ်သူများကို တော်လှန်ရေးအင်အားစုအချို့က ဝေဖန်ကြသဖြင့် ပြည်သူများမှာ တော်လှန်ရေးအင်အားစုများ အမုန်းပွားမည်ကို စိုးရိမ်ကြရပြန်သည်။

အချို့မှာ အနီရောင်စတေကာများဖြင့် ထားဝယ်မြို့ကြီး အနီရောင်ပြန်လွှမ်းမည့် အတိတ်နိမိတ်ဆိုပြီး ရေးသားဖြန့်ဝေလာကြသည်။

တဆက်တည်းမှာပင် အနီရောင်စတေကာတပ်သူများကို စစ်ကောင်စီက ဖမ်းဆီးနေသည်ဟု တစ်ဆင့်စကားများ ထွက်ပေါ်လာပြန်သည်။

ပြည်သူများမှာ ၁၉၁ စတေကာ တပ်လည်းခက် မတပ်လည်းခက်၊ မတပ်လည်းကြောက်ရ၊ တပ်လည်းကြောက်ရဖြစ်ကုန်ကြရသည်။

“ပထမတော့ ကြောက်ကြောက်နဲ့ ဘာမှမစဉ်းစားနိုင်ပဲ သွားတပ်လိုက်တာပဲ။ တပ်လာပြီးမှ ဒီမနက်ကျမှ ဟိုကပြော ဒီကပြောလို့ ပြန်ဖြုတ်လိုက်ပြီ” ဟု ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။

နောက်တစ်ခုမှာ ပြည်သူအခက် ငါ့အကွက် ဆိုသူတို့က စတေကာတစ်ချပ် ၅၀၀ ကျပ်ဖြင့် ရောင်းချလာကြပြန်သည်။ ကြောက်တော့ ဝယ်ကြရသည်။

ပြည်သူလူထုမှာ အဖက်အဖက်က ကြောက်ရွံ့မှုများဖြင့် ရှင်သန်နေကြရသည်။

အရာရာက နှုတ်ဥပဒေဖြင့်သာ အရေးယူခံနေရသဖြင့် ဘယ်ဟာအမှား၊ ဘယ်ဟာအမှန် ဆိုသည်ကို ဆုံးဖြတ်ရခက်လှသည်။

ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးက ကောလာဟလများ အလွယ်တကူပျံ့နှံ့သွားခြင်း ပင်ဖြစ်သည်။

“ကောလာဟလတစ်ခုဖြစ်တိုင်း ပြည်သူတွေပဲ ဒုက္ခရောက်ကြရလေနော်။ စက်သုံးဆီကိစ္စတုန်းကလည်း တိုးကြိတ် ဝယ်ကြ‌ရတာတွေ ဖြစ်ဖူးတာပဲမဟုတ်လား” ဟု မြို့ခံတစ်ဦးကဆိုသည်။