BREAKING
May 12, 2025

ပလမြို့ တိုရွာတွင် လက်နက်ကြီးကျပြီး အရပ်သားငါးဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံးဟု သတင်းထွက်

December 21, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာတွင် ယနေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပစ်တာက လေးငါးလုံးပဲ၊ ပလဖက်က ပစ်တာ။ တိုရွာဖက်ကို လာကျတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

တိုရွာသား အသက် ၆၀ ကျော်အရွယ် ဦးမောင်စိုးဝင်း၊ အသက် ၃၅နှစ်အရွယ် ဦးအောင်အောင်၊ အသက် ၄၀ အရွယ် ဦးသန်းကိုဦးတို့နှင့် နောက်ထပ်ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအနက် ဦးမောင်စိုးဝင်းမှာ သေဆုံးသွားပြီဟု ဒေသခံအချို့ ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

တိုရွာသည် ပလမြို့၏ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး ပလမြို့နှင့် တစ်မိုင်နီးပါးအကွာအဝေးရှိကာ ပစ်ခတ်သည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဟု ဒေသခံများက ပြောဆိုသည်။

ယနေ့ နံနက်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက ပလမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် ယာဉ် အသွားအလာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ပုလောမြို့မှ မြိတ်သို့လာသည့် ခရီးသည်နှင့် ကားသမားတို့က ပြောသည်။

“လမ်းတစ်လျှောက်လုံးစစ်နေတာ အင်အားရာနဲ့ချီရှိတယ်” ဟု ခရီးသည်အမျိုးသားက ပြောသည်။

ယင်းသို့ စစ်ဆေးနေချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

ဒီဇင်ဘာလ ၈ ရက်ညနှင့် ၉ ရက်နေ့တို့တွင် တိုရွာအပါအဝင် ပလမြို့ရဲစခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၁၇ ရက်ညကလည်း ပလမြို့အနီး မီးလောင်ချောင်းရွာ၊ စာသင်ကျောင်းတွင် တပ်စွဲထားသည့် ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ကို တောကြီးမြွေဟောက်တပ်ဖွဲ့ King Cobra Force က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။