မြိတ်တွင် မျက်စိနာသူများလာ

0
4466

မြိတ်မြို့တွင် ဒီဇင်ဘာလဆန်းမှစပြီး လက်ရှိအချိန်အထိ မျက်စိနာရောဂါအဖြစ်များနေကြောင်း ရပ်ကွက်နေသူနှင့် ဆေးခန်းအချို့ထံမှ သိရသည်။

လက်ရှိတွင် ရပ်ကွက်များအတွင်း မိသားစုအလိုက်ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဒီရောဂါမျိုးက ရာသီအပြောင်းအလဲကြောင့် ဖြစ်တတ်တယ်။ အပူကန်ပြီး ဖြစ်တာမျိုးပေါ့။ အခုက တော်တော် များများကို ဖြစ်နေကြတာ။ ရှေ့နှစ်တွေက ဒီလိုဖြစ်တာမျိုးမရှိဘူး။ ဆေးခန်းလာပြနေတာ နေ့တိုင်းနီးပါး ရှိနေတယ်” ဟု ပုဂ္ဂလိက ဆေးခန်းတစ်ခန်းမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မျက်စိနာရောဂါဖြစ်သူတို့သည် ဆေးအရောင်းဆိုင်တို့မှ မျက်စ‌ဉ်းခတ်ဆေးရည်၊ အင်္ဂလိပ်ဆေး (သောက်ဆေး) တို့အား ဝယ်ယူသောက်သုံးလေ့ရှိပြီး ရက်ပိုင်းအတွင်း ပြန်လည်သက်သာလေ့ရှိကြကြောင်း မြိတ်တောင်နယ်မြေအတွင်း နေထိုင်သူအချို့က ဆိုသည်။

“တစ်အိမ်လုံး မျက်စိနာလို့ အလုပ်နားပြီး လေးရက်လောက် အိမ်တွင်းအောင်းလိုက်ရတယ်။ အခြားသူတွေလည်း ဖြစ်နေကြတာပဲ။ အိမ်လမ်းထဲမှာတောင် လေးအိမ်ရှိတယ်၊ မျက်စိနာဖြစ်နေကြတာ” ဟု မြိတ်တောင်နယ်မြေ စက်ဝင်းရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

မျက်စိနာရောဂါသည် အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကြောင့်နှင့် ဓာတ်မတည့်သည့်ပစ္စည်းများ (ဖုန်း၊ ပန်းဝတ်မှုန်၊ မီးခိုး၊ မျက်ကပ်မှန် စသဖြင့်) တို့ကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖော်ပြနေသည့် Hello ဆရာဝန်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကြောင့်ဖြစ်ပါက လူအများသို့ ကူးစက်နိုင်ပြီး အေးသော ရာသီဥတုတွင် အလျင်အမြန် ပြန့်ပွား‌လေ့ရှိပြီး ကူးစက်ခံရပါက လေးရက်မှ ခုနစ်ရက်အထိကြာနိုင်‌ကြောင်း ဆက်လက်ရေးသားထားသည်။

“အပြင်တောင်မထွက်ဘူး။ အိမ်မှာနေနေရင်း မျက်စိနာ‌ဖြစ်နေတာ မျက်လုံးတွေကြည့်မကောင်းဘူး” ဟု မျက်စိနာရောဂါဖြစ်နေသည့် မြိတ်မြိုခံ အမျိုးသားတစ်ဦးက ပြောသည်။

မျက်စိနာရောဂါဖြစ်ပါက မျက်ခွံအတွင်းပိုင်းရောင်ခြင်း၊ မျက်ရည်တရွဲရွဲဖြစ်နေခြင်း၊ မျက်လုံးယားခြင်း၊ မျက်ဝတ်များ ထွက်ခြင်း၊ မျက်စိနီရဲခြင်း၊ မျက်စိနာရောင်ရမ်းခြင်း၊ မျက်လုံးပူခြင်း၊ အမြင်ဝါးခြင်း၊ အလင်းမခံနိုင်ခြင်း စသည့် လက္ခဏာများဖြစ်ပေါ်တတ်သည်။

မျက်စိနာရောဂါသည် ကလေးများတွင် အဖြစ်များ‌လေ့ရှိသည်။

မျက်စိနာခြင်းအား သက်သာစေရန် မျက်လုံးအား ပွတ်သပ်ခြင်းမပြုရန်၊ လက်ကို ဆပ်ပြာဖြင့်ဆေးကြောရန်၊ အခြားသူ၏ မျက်ကပ်မှန်ကို အသုံးပြုခြင်းနှင့် မျက်ကပ်မှန်တပ်ခြင်းအား ရှောင်ရှားရန်၊ မျက်စဉ်းဆေး မလိမ်းမီ လက်ကိုဆေးကြောရန်၊ မျက်စိနာခြင်း သာမက အခြားမျက်လုံး ပြဿနာများကို သက်သာစေရန်အတွက် သုံးစွဲသည့်ပစ္စည်းများကို သန့်ရှင်းစွာထားရှိရန် လိုအပ်ကြောင်း Hello ဆရာဝန် ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်မရှိဘဲ မျက်စဉ်းခတ်ခြင်းအား မိမိသဘောဆန္ဒအရ လုပ်ဆောင်ခြင်းကို လုံးဝရှောင်ကြည်ရန် ကျန်းမာရေးဌာနက သတိပေးထားသည်။

ရောဂါမကူးစက်စေရန် မျက်စိနာသူ၏ အဝတ်အစား၊ လက်ကိုင်ပဝါ၊ မျက်နှာသုတ်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင်ပစ္စည်းများကို အတူမျှဝေသုံးစွဲမှုကို ရှောင်ရှားရမည်ဖြစ်သည်။