အင်အားတစ်သောင်းဖြင့် တိုက်ခိုက်မည်ဟု ဒုစရိုက်ဂိုဏ်းများကို အယ်ဆာဗေဒိုးသမ္မတ စစ်ကြေညာ

0
3590

ရာဇဝတ်ဂိုဏ်းများကို အကြီးအကျယ်ဖြိုခွင်းနေသည့် စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် အယ်ဆာဗေဒိုးနိုင်ငံ ဆိုယန်ပန်ဂိုမြို့တွင် စစ်အင်အားတစ်သောင်းအသုံးပြုကာ တိုက်ခိုက်မည်ဟု သမ္မတ နာရစ်ဘူကီလီ က ယနေ့ ကြေညာလိုက်သည်။

အဆိုပါ မြို့တော်သို့ သွားသည့် လမ်းများအားလုံးကို ပိတ်ချထားပြီး၊ အထူးတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း ဒုစရိုက်ဂိုဏ်းဝင်များကို လိုက်လံရှာဖွေလျက်ရှိသည်။

စစ်တပ်အရာရှိများက မြို့ကို ထွက်ခွါလာသူတိုင်းကို တားဆီးစစ်ဆေးကာ မှတ်ပုံတင် စာရွက်စာတမ်းများ ကို စစ်ဆေးလျက်ရှိသည်။

ယခုနှစ်အတွင်း အယ်ဆာဗေဒိုး နိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်နေပြီးနောက် အစိုးရက ဒုစရိုက်ဂိုဏ်းများကို စစ်ပွဲဆင်နေခြင်း ဖြစ်သည်။

ဆိုယန်ပန်ဂိုမြို့သည် အယ်ဆာဗေဒိုးတွင် အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကာ လူဦးရေ နှစ်သိန်းကိုးသောင်း ရှိသည်။

အဆိုပါ မြို့သည် ဆန်ဆာဗေဒိုးမြို့တော်၏ ၁၃ ကီလိုမီတာသာ ကွာသော နေရာတွင် ရှိပြီး ဒုစရိုက်ဂိုဏ်းများ အပိုင်စား ကြီးစိုးရာမြို့အဖြစ် နာမည်ကျော်သည်။

မြို့ကို ဝိုင်းထားပြီး ဒုစရိုက်ဂိုဏ်းသားများကို တစ်ယောက်ချင်း အကုန်ဖမ်းပစ်မည်ဟု သမ္မတက Twitter တွင် ရေးသားထားသည်။