တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲခုနစ်ကြိမ်ဖြစ်၊ ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးကျဆုံး

0
248

တနင်္သာရီမြို့နယ်၊ ကော့မပြင်းအနီးတွင် တိုက်ပွဲ ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦး ကျဆုံးခဲ့ရကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၃) ထုတ်ပြန်သည်။

ကော့မပြင်းကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ရက်အတွင်း တိုက်ပွဲ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ကျဆုံးကာ သုံးဦးမှာ ထိခိုက်ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ငါးဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဩဂုတ်လ ၂၁ ရက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကော့မပြင်းရွာသားအချို့ကို မေးမြန်းချက်အရ သိရသည်။

“စစ်တပ်က ပြန်ဆုတ်သွားလို့ အပစ်အခတ်တွေ ပြန်ငြိမ်သွားတာပါပြီ” ဟု ကော့မပြင်းကျေးရွာ ဒေသခံအမျိုးသား တစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာစဉ် သိန္ဒောကျေးရွာအုပ်စု၊ သူဌေးရွာတွင် နေအိမ် နှစ်လုံး မီးရှို့ခံ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူ ၅၀၀ ခန့်သည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာသို့ပြန်မလာရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။