ဧကနိရွာတွင် လူငယ်နှစ်ဦး အသတ်ခံရ၊ NLD အမာခံနေအိမ်လည်း ဗုံးဖောက်ခံရ

0
471

ရေဖြူမြို့နယ် ဧကနိရွာတွင် ယနေ့ (ဇွန် ၁၅) နံနက်အစောပိုင်းက NLD အမာခံတစ်ဦး၏ နေအိမ်ဗုံးဖြင့် ပစ်ဖောက်ခံရပြီး ရွာသားနှစ်ဦးလည်း ပစ်သတ် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့နံနက် လေးနာရီခန့်က အရပ်ဝတ်လက်နက်ကိုင် ဆယ်ဦးခန့် ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း၊ သေနတ်ပစ်ဖောက်သံ ၁၀ ချက်ထက်မက ကြားရပြီး ဗုံးပေါက်ကွဲသံလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ဖမ်းဆီးသွားသူနှစ်ဦးကို ပစ်သတ်ပြီး ဝက်ချောင်းရွာအနီးက တံတားအနီးတွင် အလောင်းကို စွန့်ပစ်ခဲ့ကာ အလောင်းနံဘေးတွင် စွန်ရဲအဖွဲ့ အမည်ပါ အမှတ်တံဆိပ် ချထားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဝက်ချောင်းရွာက ဖုန်းဆက်လာမှ သိတယ် ပစ်သတ်ခဲ့တယ်ဆိုတာကို။ အစကတော့ ဖမ်းသွားတာပဲ ထင်တာပေါ့နော်” ဟု ၎င်းက ဆိုသည်။

ဖမ်ဆီးခံရပြီးနောက် ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးမှာ ဝမ်းကွဲညီအစ်ကိုတော်စပ်သည့် ကိုမျိုးကိုနှင့် ကိုရန်ပိုင်စိုးတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုမျိုးကိုမှာ ဧကနိရွာသားဖြစ်ပြီး ကိုရန်ပိုင်စိုးဆိုသူမှာ ရလိုင်ရွာသားဖြစ်ကာ ဧကနိကျေးရွာရှိ ဦလေးဖြစ်သူ နေအိမ်တွင် လာရောက်နေထိုင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် NLD အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ ဦးမျိုးသိမ်း၏နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေရာ ဖခင်မရှိသောကြောင့် သမီးနှစ်ဦးကို ပါးစပ်ပိတ် ကြိုးတုတ်ထားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

နောက်ထပ် NLD အမာခံတစ်ဦးဖြစ်သူ ဦးကြည်ငွေ၏ နေအိမ်ကိုလည်း သေနတ်များဖြင့် ပစ်၍ ဗုံးဖောက်ခွဲခြင်းကြောင့် နေအိမ် အရှေ့ဘက်မျက်နှာစာ ကျည်ဖောက်ဝင်ရာများဖြင့် ပျက်စီးပြီး မျက်နှာကျက်များလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့ ဝင်လာကတည်းက သေနတ်ပစ်ပြီး ဝင်လာတယ်။ ပြန်ထွက်သွားတော့လည်း လမ်းဆုံတွေမှာ ပစ်ပြီး ထွက်သွားတယ်။ အိပ်မောကျနေကြတယ်ဆိုတော့ လူတွေလန့်ကုန်ကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများ ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာနေကြကြောင်း ပတ်ဝန်းကျင်ရွာမှ ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့ နေ့လယ်ပိုင်းက သေဆုံးသူအမျိုးသားနှစ်ဦး၏အလောင်းကို ပုဂေါဇွန်း လူမှုကူညီရေးအသင်းနှင့် ဧကနိလူမှုကူညီရေး အသင်းပိုင်ကားများဖြင့် ရေဖြူမြို့သို့ ယူဆောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။