ကျွန်းစုတွင် ပျားရည်ဆွမ်းလောင်းလှူပွဲ ကျင်းပမည်

0
504
ပုံစာ - ၂၀၁၉ ခုနှစ်က ပျားရည်ဆွန်းလောင်းလှူပွဲ။

ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာ အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတွင် ပျားရည်ဆွမ်းလောင်းလှူပွဲအား မေလ ၁၄ ရက်နေ့တွင် အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက် ဆရာတော် ဦးအိန္ဒောဘာသက မိန့်ကြားသည်။

ပျားရည်ဆွမ်းလောင်းလှူပွဲအား နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ကျင်းပလေ့ရှိပြီး ယခုနှစ်မှာ ၆၃ ကြိမ်မြောက် ရှိပြီဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကမူ ကိုဗစ်ကပ်ဘေးကြောင့် လူစုလူဝေး မလုပ်ရသဖြင့် ဆွမ်းလောင်းပွဲ တစ်နှစ်ရပ်နားခဲ့ရသည်။

ပျားရည်ဆွမ်းလောင်းလှူပွဲတွင် အောင်တော်မူ သာသနာ့ရိပ်သာကျောင်းနှင့် ရပ်ဝေး၊ ရပ်နီးတို့မှ ပင့်ဖိတ် ထားသည့် သံဃာတော်များနှင့် သီလရှင်တို့အား လောင်းလှူကြမည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

“ကိုဗစ်တုန်းက တစ်ခါပဲနားတာ။ နောက်နှစ်မှာ ပြန်လုပ်တယ်။ ဒီ‌နှစ်ရော လုပ်ဖြစ်တယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ပျားရည်မှာ အစွမ်းထက်သည့် ဆေးဖြစ်သဖြင့် တရားအားထုတ်နေသည့် ရဟန်း၊ သီလရှင်တို့ မှီဝဲရန် အထူးသင့်လျော်ကြောင်း ဆရာတော်က Dawei Watch သို့ ၂၀၁၉ ခုနှစ် ဆွမ်းလောင်းပွဲတွင် မိန့်ကြားဖူးသည်။

ပျားရည်ဆွမ်း လောင်းလှူနိုင်ရန် တောထဲရှိ ပျားအုံများနှင့် နေအိမ်အသီးသီးတို့တွင် ထင်းရှူး သေတ္တာငယ်ဖြင့် မွေးမြူထားသည့် ပျားအုံတို့မှ ရရှိလာသည့် ပျားရည်တို့အား ကြိုတင်စုဆောင်းထား ကြောင်း ထိန်းချောင်းရွာသားအချို့မှ သိရသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်းလှူပွဲသို့ ထိန်ချောင်းနှင့် အနီးအနား ကျေးရွာများမှ ဒေသခံများ လာရောက်လောင်းလှူလေ့ရှိကြကြောင်း ဒေသခံများထံမှ သိရသည်။

ပျားရည်ဆွမ်း လောင်းလှူပွဲမှာ တနင်္သာရီတိုင်းတွင် ထိန်ချောင်းရွာတွင်သာ ရှိသည့် ပွဲဖြစ်သည်။