တစ်နှစ်ကျော်အတွင်း တနင်္သာရီတိုင်းတွင် နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရ

0
447
မီးရှို့ဖျက်ဆီးခံရသည့် တောင်ပျောက်တိုက်နယ်မှ နေအိမ်တစ်လုံး

တနင်္သာရီတိုင်းတွင် တစ်နှစ်ကျော်ကာလအတွင်း မီးရှို့ခံရမူကြောင့် ပျက်စီးသွားသည့် အိမ်ပေါင်း အနည်းဆုံး ၄၅ အိမ်ရှိကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ 

ယင်းအရေအတွက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်အတွင်းကောက်ယူရရှိသော စာရင်းဖြစ်ကြောင်းယင်းအဖွဲ့ကဆိုသည်။ 

မီးရှို့ခံရပြီး ပျက်စီးသွားသည့်အိမ်များမှာ သရက်ချောင်းမြို့နယ်တွင် ၁၉ ဆောင်၊ တနင်္သာရီမြို့နယ်တွင် ၁၅ ဆောင်၊ ပုလောမြို့နယ်တွင် ၇ ဆောင်၊ ရေဖြူမြိုနယ်တွင် ၃ ဆောင်နှင့် မြိတ်မြို့နယ်တွင် တစ်ဆောင် စုစုပေါင်း ၄၅ ဆောင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။ 

သတင်းဌာနများနှင့် ဒေသခံလူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် ပြန်လည်စိစစ်ကာ အဆိုပါမီးရှို့ခံရပြီး ပျက်စီးသွားသည့် နေအိမ်များစာရင်းကို စုဆောင်းထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုသည်။ 

အချက်အလက် မပြည့်စုံသည်များကို ချန်ထားခဲ့ရသောကြောင့် မြေပြင်တွင် မီးရှို့ခံရသည့် နေအိမ်အရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြို့နယ်အချို့တွင်မူ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ခြင်း၊ ဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့်အစီရင်ခံစာထုတ်ပြန်သည့်အချိန်အထိ စာရင်းမငြိမ်သေးဘဲ ကျန်ရစ်သည့် နေအိမ်အချို့လည်းရှိကြောင်း ယင်းအဖွဲ့ကဆိုသည်။ 

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မီးရှို့ခံရသည့်နေအိမ်စုစုပေါင်း တစ်သောင်းကျော်(၁၁၄၁၇) ရှိနိုင်ကြောင်း ယင်းအဖွဲ့က ခန့်မှန်းထားသည်။ 

ယင်းမီးရှိူ့ခံရသည့် နေအိမ်များမှာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ 

သို့သော် Data for Myanmar ၏ ထုတ်ပြန်ချက်ပါ အချက်အလက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားမှုမရှိသေးသလို Dawei Watch အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ ။ 

Data for Myanmar အဖွဲ့သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက ကျူးလွန်သည့် ကိစ္စများကို စောင့်ကြည့်လေ့လာကာ လစဉ်နီးပါးအစီရင်ခံစာ ထုတ်ပြန်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။