လောင်းကစားဝိုင်းများသို့ မသွားကြရန် PDF အဖွဲ့သတိပေး

0
496

ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများကို မသွားကြရန် PDF အဖွဲ့နှစ်ခုဖြစ်သည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) တို့က သတိပေး ထုတ်ပြန်လိုက်သည်။

လောင်းကစားဝိုင်းများကနေပြီး စစ်ကောင်စီအတွက် ဘဏ္ဍာငွေ‌ရှာဖွေနေခြင်းကြောင့် ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများကို မသွားကြရန် LPDF အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၄) ထုတ်ပြန် သည်။

၎င်းတို့အဖွဲ့နေဖြင့် လောင်းကစားဝိုင်း‌လေးနေရာကို အပြစ်ပေးပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‌ဇန်နဝါရီလ ၁၁ ရက်က လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူ ကြက်ဝိုင်း လုပ်နေစဉ် သေနတ်ပစ်ခတ်ခံခဲ့ရသည်။ ဇန်နဝါရီ ၁၃ ရက်ကလည်း လောင်းလုံးမြို့နယ် သကျက်တော ရွာသားတစ်ဦးမှာလည်း ကြက်ဝိုင်းတွင်ပင် ဒိုင်လုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ကျောက်ဆင်းကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူကို LPDF အဖွဲ့က ပစ်ခတ်ခဲ့ပြီး သကျက်တောရွာသားကိုမူ ပစ်ခတ်မှုအား ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့နှစ်ခုက ထုတ်ပြန်ထားသည်။

လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်သူများအား ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ်တွင် လောင်းကစားဝိုင်းသို့ လာရောက်သည့် ပြည်သူများ ထိခိုက်မူ မဖြစ်စေရေးအတွက် လာရောက်ခြင်း မပြုကြရန် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်ခရိုင်အတွင်း နတ်ပွဲ၊ အသုဘ စသည့်တို့ကို အကြောင်းပြပြီး ဖဲဝိုင်း၊ ကြက်ဝိုင်း စသည့် လောင်းကစားမှုများကို ပိုမိုပြုလုပ်လာကြ‌ကြောင်း ဒေသခံအချို့ကပြောသည်။

“အသုဘမှာလုပ်တဲ့ ဖဲဝိုင်းတောင်မှ (ကျပ်) သိန်းဆယ်ချီရှိတာ။ ကိုယ့်ရွာနဲ့ကိုယ် တိုးတိုးတိတ်တိတ် လုပ်နေကြတဲ့ ဖဲဝိုင်းတွေဆို ရွာတိုင်းလိုလိုမှာ ရှိတယ်” ဟု လောင်းကစားဝိုင်းအချို့ကို ကိုယ်တိုင် သွားလေ့ရှိသူ လောင်းလုံးမြို့နယ်သား ကိုဇော်မျိုးထိုက်က ပြောသည်။

လောင်းကစားဝိုင်းများ လုပ်နေသည်ကို မနှစ်သက်သော်လည်း ဖမ်းဆီးအရေးယူမည်ဟု မယူဆသဖြင့် တိုင်ကြားရန် ဆန္ဒမရှိကြောင်း ယခင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ဖူးသည့် ထားဝယ်ဒေသခံ တစ်ဦးက ပြောသည်။