ဘုရားကြီးအရှေ့တွင် လမ်းသွား လမ်းလာများကို ဓားဖြင့်လိုက်ခုတ်၊ ရဲကို ဖုန်းဆက်သော်လည်း မလာဟုဆို

0
548

ထားဝယ်မြို့၊ ဘုရားကြီးရှေ့လမ်း တွင် ဒီဇင်ဘာလ ၃ ရက် နံနက်စော စောအချိန်က လမ်းသွားလမ်းလာများ အား အမျိုးသားတစ်ဦးက ဓားဖြင့် အကြောင်းမဲ့ လိုက်ခုတ်ခဲ့ကြောင်း ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူနှင့် မျက်မြင်တွေ့ရှိခဲ့ သူများက ပြောသည်။
ဒီဇင်ဘာလ ၃ ရက် နံနက် ၂ နာရီခန့်တွင် ညီမဖြစ်သူကို ဆေးရုံသို့ပို ပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဘုရားကြီး အရှေ့ဘက်လမ်းမပေါ် မုခ်ပေါက်အနီး ရောက်ရှိချိန်တွင် လမ်းဘေးမှ လူတစ်ဦး ထွက်လာကာ ဆိုင်ကယ်ကို တားဆီးပြီး အကြောင်းမဲ့ဆဲဆိုခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကိုမျိုးမင်းဦးက ဆိုသည်။

ဆဲဆိုနေချိန်တွင် တားဆီးသည့် အမျိုးသားလက်ထဲတွင် ဓားနှစ်လက် ကိုင်ဆောင်ထားပြီး ပြေးခုတ်ရန် ပြင် သည့်အတွက် ဆိုင်ကယ်ကို ပြန်လှည့် ကာ ထွက်ပြေးခဲ့ရကြောင်း ၎င်းက ပြော သည်။
ယင်းအချိန်တွင် နောက်ထပ် အမျိုး သားတစ်ဦးက လမ်းမတစ်ဖက်တစ်ချက် ၌ ဆိုင်ကယ်တစ်စီးနှင့် ရပ်နေသည်ကို တွေ့ရကြောင်း ကိုမျိုးမင်းဦးက ဆိုသည်။
“ပြန်လှည့်ပြေးချိန်မှာ နောက်က ပြေးလိုက်လာသေးတယ်၊ နည်းနည်း လှမ်းနေလို့ မခုတ်မိတာ”ဟု ၎င်းက ပြော သည်။
ကိုမျိုးမင်းဦးသည် ဇမ္ဗူသီရိ အရေး ပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တွင် အဖွဲ့ဝင်အဖြစ် ပရဟိတ လုပ်ကိုင် နေသူတစ်ဦး ဖြစ်သည်။
ဗမာအသံဖြင့် စကားပြောသည့် အထက်ပါအမျိုးသားနှစ်ဦးအနက် ဓား ကိုင်ထားသည့် အမျိုးသားက လမ်းပေါ် လာသမျှလူများကို ဓားဖြင့် လိုက်ခုတ်နေ ခြင်းဖြစ်ပြီး လမ်းမပေါ်သွားလာနေသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်စီး လာသူနှစ်ဦးကို လိုက်ခုတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

အဆိုပါ အမျိုးသားနှစ်ဦးနှင့်အတူ အမျိုးသမီးတစ်ဦးက လမ်းဘေးတွင် ထိုင် နေသည်ကို တွေ့ရကြောင်း ဦးနိုင်မျိုးသွင် က ဆိုသည်။
ယင်းကဲ့သို့ ဓားဖြင့် လိုက်ခုတ်နေ သည့်အတွက် ထားဝယ်မြို့မရဲစခန်းထံ ဖုန်းဆက်အကြောင်းကြား ခဲ့သော်လည်း အထက်ပါ အမျိုးသားနှစ်ဦးထွက်ခွာသွား သည့်အချိန်ထိ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာခြင်း မရှိကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။
ရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားပြီး မိနစ် ၄၀ ခန့်ကြာမှသာ အဆိုပါ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆိုင်ကယ်တစ်စီးဖြင့် စီးနင်းထွက်ခွာသွား ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဖုန်းဆက်ပြီးခေါ်တာ မလာဘူးဆို တော့ ပြည်သူတွေက ဘယ်သူ့ကို သွား အားကိုးရမှာလဲ”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
ရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားသော်လည်း သွားရောက်ခြင်းမရှိ သည့်အပေါ် အကြောင်းရင်းကို သိရှိ နိုင်ရန် ရဲစခန်းတာဝန်ရှိသူကို စစ်မေး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်း က ပြောသည်။
ယခုနှစ် မတ်လ ၃၁ ရက်ညက ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကျခတ် ပင်ဘုန်းကြီးကျောင်း အလှူပွဲတွင် လူငယ်တစ်စုက ပုဆိန်၊ ဓား၊ တုတ်များ ဖြင့် ရိုက်နှက်ထိုးခုတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။