သရက်ချောင်းတွင် ကျောင်းသား ၈ ဦးအပါအဝင် လူတစ်ဆယ်ကျော် မိုးကြိုးပစ်ခံရ

0
466

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တီတွတ်ပြင် အထက်တန်းကျောင်း(ခွဲ) ရှိ ကျောင်းသူ၊ ကျောင်းသား ၈ ဦးနှင့် မူလတန်းပြ ဆရာမတစ်ဦးအပါအဝင် ၁၃ ဦး မိုးကြိုး ပစ်ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ပညာ ရေးမှူးရုံးထံမှ သိရသည်။
အောက်တိုဘာလ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် ယင်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသူ ၄ ဦး၊ တတိယ တန်းကျောင်းသူ ၃ ဦး၊ ပထမတန်း ကျောင်းသား ၁ ဦး နှင့် မူလတန်းပြဆရာမ ၁ ဦး မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကျောင်းသားများမှာ နှစ်ဝက် စာမေးပွဲ မြန်မာစာဖြေဆိုအပြီး နောက် တစ်နေ့တွင် ဖြေဆိုမည့် အင်္ဂလိပ်စာ ဘာသာအတွက် ကျောင်းဆောင်အတွင်း စာကျက်နေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ် ကြောင်း သရက်ချောင်းမြို့နယ် ပညာ ရေးမှူးက ပြောသည်။
“စာကျက်နေတဲ့ ကျောင်းသားက စုစုပေါင်းဆယ့်ငါးယောက်လောက်ရှိ တယ်။ အဲဒီအထဲကမှ ဒီကလေး ၈ ယောက် နဲ့ ဆရာမကို စက်ကွင်းမိသလို ဖြစ်သွား တာပေါ”ဟု ၎င်းက ဆိုသည်။
မိုးကြိုးပစ်ခံရသည့် ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို သရက် ချောင်းမြို့နယ်ဆေးရုံသို့ ချက်ချင်းတင်ပို့ ပေးထားပြီး စိုးရိမ်စရာမရှိကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။

စာမေးပွဲကိုလည်း ဆေးရုံတွင်ပင် ဆက်လက်ဖြေဆိုရန် မြို့နယ်ပညာရေး မှူးမှတစ်ဆင့် ကျောင်းအုပ်ဆရာမကြီးကို ညွှန်ကြား ထားကြောင်း တိုင်းပညာရေး မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
ယင်းကျောင်းသူ၊ ကျောင်းသား ၈ ဦးနှင့် ဆရာမအပြင် ယင်းကျောင်းအနီး အနားတွင်နေထိုင်သည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦးမှာလည်း မိုးကြိုးပစ်ခံရသည့် အထဲတွင်ပါဝင် ကြောင်း သရက်ချောင်းမြို့နယ် ပညာရေး မှူးက ပြောသည်။

မိုးကြိုးပစ်ခံရသူ အားလုံးမှာ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ထိခိုက် ဒဏ်ရာအနည်းငယ်စီသာ ရရှိကြကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။
ရာသီဥတု အကူးအပြောင်းကာလ တွင် လျှပ်စစ်မိုးတိမ်တောင်များ ရုတ် တရက်ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလေ့ရှိတတ်ကြောင်း တနင်္သာရီ တိုင်းမိုးလေ၀သနှင့် ဇလဗေ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင် က ပြောသည်။
“မိုးကြိုးလိုမျိုး သဘာဝဘေးတွေနဲ့ ပတ်သက်ပြီး ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကိုရော၊ ကျောင်းသူ၊ ကျောင်း သားတွေကိုအသိပညာ များများပေးဖို့လို အပ်တယ်”ဟု ဦးဟန်ဝင်းအောင်က ဆို သည်။
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က မိုးကြိုး ပစ်ခံရခြင်းကြောင့် လူလေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ဖူးသည်။