မုတ္တီးမြို့ဟောင်းတွင် ရှေးဟောင်း အုတ်ခွက်ဘုရား အများအပြားတွေ့

0
624

မုတ္ထီးမြို့ဟောင်းရှိ ရှေးဟောင်း အုတ်ခွက်ဘုရား အများအပြားတွေ့သည့် နေရာအား ဆက်လက်တူးဖော်ခွင့်ပြုရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနသို့ မေလ ၂၂ ရက်က တင်ပြထားကြောင်း ရှေးဟောင်းသုတေ သနဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

မုတ္ထီးမြို့ဟောင်း (မုတ္တသုခနာဂရ မြို့ဟောင်း) ယခု ရှင်မုတ္ထီးဟု ခေါ်တွင် သော ကျေးရွာတွင် ရွာသားတစ်ဦးက နေအိမ်ဆောက်လုပ်ရန် စက်ယန္တရားဖြင့် ခြံရှင်းရာ မေလ ၂၀ ရက်က ရှေးဟောင်း အုတ်ခွက် ဘုရား ၅၀ ဆူထွက်ပေါ်လာ ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။
ယင်းအုတ်ခွက်ဘုရားများ ထွက် ပေါ်လာသည့်နေရာတွင် နောက်ထပ် ရှေးဟောင်းပစ္စည်းများ ရှိနေနိုင်သည်ဟု ယူဆသဖြင့် ဆက်လက်တူးဖော်ခွင့်ပြုရန် တင်ပြထားခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“အခုက တွေ့ရှိချက်တွေကို စာ ရင်းပြုစုပြီး တင်ပြထားတယ်။ ဌာနရဲ့ လမ်းညွှန်ချက်ကတော့ တောင်းခံထား တုန်းပဲ။ တစ်ပတ်ဆယ်ရက် နေရင်တော့ သိရမှာပါ”ဟု ၎င်းက ဆိုသည်။
ယင်းအုတ်ခွက်ဘုရားများမှာ မည့် သည့်ခေတ်လက်ရာများ ဖြစ်နိုင်သည်ကို တတ်သိပညာရှင်များဖြင့် အဖြေထုတ်ယူ ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းရှေးဟောင်းအုတ်ခွက်ဘုရား များကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ သည့် ထားဝယ်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဒေါက်တာရီရီရွှေကတော့ ပျူ ခေတ် သို့မဟုတ် ပုဂံခေတ် (အနော်ရထာ ခေတ် ) ဖြစ်နိုင်သည်ဟု ယူဆကြောင်း ပြောသည်။

“အုတ်ခွက်ဘုရားနှစ်ခုမှာ စာပါ တယ်။ အဲဒီစာကို ဖတ်နိုင်ရင်တော့ ဘယ်ခေတ်ကလဲဆိုတာ မှန်းလို့ရတယ်။ သေချာတာကတော့ အဲဒီလက်ရာတွေက ရှေးကျတယ်”ဟု ဒေါက်တာ ရီရီရွှေက ဆိုသည်။
ယခင်ကလည်း ရှင်မုတ္ထီးကျေးရွာ တွင် ကျေးရွာသားများ အိမ်ဆောက်၊ မြောင်းတူးရာမှ မကြာခဏ ရှေးဟောင်း ပစ္စည်းများရလေ့ရှိပြီး လာရောက်လှူ ဒါန်းထားသည့် ပစ္စည်းငါးခုခန့်ရှိ ကြောင်း ရှင်မုတ္ထီးတိုက်ကျောင်း ဆရာ တော် ဦးဣန္ဒဝံသက မိန့်ကြားသည်။

ယခု ထွက်ပေါ်လာသည့် အုတ်ခွက် ဘုရားများကိုလည်း ယင်းကျောင်းတိုက် တွင်ပင် သိမ်းဆည်းထားသည်။
ရှေးဟောင်းအုတ်ခွက်ဘုရားများ ထွက်ပေါ်လာသော ရှင်မုတ္ထီးကျေးရွာ သည် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရား ဖူးများ လာရောက်ဖူးမျှော်လေ့ရှိသည့် ရှင်ကိုးရှင်ဘုရားများအနက် တစ်ဆူအပါ အဝင်ဖြစ်သော ရှင်မုတ္ထီးဘုရား တည်ရှိ ရာ ကျေးရွာဖြစ်သည်။