ဘန်းချောင်းကျောက်မီးသွေးကုမ္ပဏီကတိအတိုင်းမလုပ်ဟု ရွာသားများပြော

0
400

ထားဝယ်မြို့နယ် ဘန်းချောင်း ဒေသ ကွင်းချောင်းရွာ အနီး ကျောက်မီး သွေး တူးဖော်သော ကုမ္ပဏီဘက်မှ ပေးထားသောကတိ ကဝတ်များ အတိုင်း မလုပ်ဆောင်ကြောင်း ဒေသခံရွာသား များက ပြောဆိုလိုက် သည်။

မေလ ၂၆ ရက်နေ့တွင် သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဦးမြင့်မောင်နှင့်အဖွဲ့ ယင်း ကျောက်မီးသွေးလုပ်ကွက်သို့ သွား ရောက်စစ်ဆေးစဉ်က ကျောက်မီးသွေး တူးဖော်မှုမှထွက်ရှိလာသော ရေဆိုး ရေညစ်များနှင့် နှုန်းမြေများကြောင့် ကွမ်းပင်များနှင့် ဥယျာဉ်ခြံပျက်စီးမှု အတွက် ထိခိုက် နစ်နာသူ ရွာသား စောထဲလ်ဒေအားတစ်ပတ်အတွင်း လျော် ကြေးပေးရန် ကုမ္ပဏီဘက်က ကတိ ပြုခဲ့သည်။

ယင်းကတိအတိုင်း ယခုထိ မလုပ် ဆောင်သေးကြောင်း စောထဲလ်ဒေ နှင့် ဇနီးတို့က ဇွန်လ ၃၀ ရက်နေ့တွင် ပြော သည်။
“ကုမ္ပဏီဘက်က တစ်ခါမှ မလာ ဘူး၊ အစိုးရက ဘယ်လို လုပ်ပေး မယ်ဆိုတာ မျှော်နေတယ်” စောထဲလ်ဒေ ၏ ဇနီးက ဆိုသည်။
ယင်းလျော်ကြေးပေးရန်အပါအဝင် ကျန်းမာရေးထိခိုက်မှုမရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် အချက် ၁၁ ချက်ကို လိုက်နာပါမည်ဟု ကုမ္ပဏီဘက်မှ ကတိပြုခဲ့သည်။

ယင်းကတိကို အစိုးရအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကေအင်ယူ၊ ဒေသခံအရပ်ဘက်အဖွဲ့ အစည်းများ၊ ဘန်းချောင်းဒေသခံများ ရှေ့မှောက်တွင် ကုမ္ပဏီတာဝန်ရှိသူများ က ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ကုမ္ပဏီဘက်မှ လာရောက်လုပ်ဆောင်ခြင်း မရှိကြောင်း ယင်းဒေသခံများက ပြောကြသည်။
“ကုမ္ပဏီဘက်က လာတာ မတွေ့ ဘူး၊ ခုဆိုရင် ကျောက်မီးသွေးပုံက အနံ့ အသက်ဆိုးတွေ ထွက်ပြီး မီးလည်း လောင်နေတယ်” ဟု ကွင်းချောင်း ရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကုမ္ပဏီအား ကျောက် မီးသွေးတူးဖော်ခွင့် ရပ်ဆိုင်းထားပြီး ကုမ္ပဏီဘက်မှ လိုက်နာလုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဒေသခံ တို့၏ တောင်းဆိုချက်များအား ကတိ ပေးထားသည့်အတိုင်း အကောင်အထည် ဖော်ပြီးသည်အထိ ဆက်လက်ရပ်ဆိုင်း သွားမည်ဟု ဝန်ကြီးက ပြောဆိုထား သည်။
လုပ်ငန်းရပ်ဆိုင်းခံထားရသော မေဖလားဝါးကုမ္ပဏီသည် ဘန်းချောင်း ဒေသ ကွင်းချောင်းရွာအနီး ၅၀၀ ဧက ကို ၂၀၁၀ ခုနှစ်မှ ၂၀၃၅ ခုနှစ်ထိ၊ ကထောင်းနီရွာအနီး ၂၀၀ ဧကကို ၂၀၁၂ မှ ၂၀၂၂ ခုနှစ်ထိ စုစုပေါင်း ဧက ၇၀၀ ကျောက်မီးသွေးထုတ်ခွင့် ရထားကြောင်း ဝန်ကြီးက အတည်ပြုထားဖူးသည်။