ဥတ္တံတားကြီး လမ်းဆုံမီးပွိုင့်တွင် ယာဉ်ထိန်းရဲနှင့် ပြည်သူအချို့ အချင်းများ

0
423

ထားဝယ်မြို့၊ ဥတ္တံတားကြီးလမ်းဆုံမီးပွိုင့်တွင် နိုဝင်ဘာလ ၂ ရက်နေ့ည က ယာဉ်ထိန်းရဲတစ်ဦးနှင့် ပြည်သူ အချို့အချင်းများခဲ့ကြကြောင်း ယာဉ် ထိန်းရဲတပ်ဖွဲ့နှင့် မျက်မြင်တွေ့သူများ ထံမှ သိရသည်။

ယာဉ်ထိန်းရဲက လမ်းသွားလမ်းလာ ပြည်သူများကို အော်ဟစ်ဆဲဆိုနေခဲ့ပြီး ယင်းသို့ အော်ဟစ်ဆဲဆိုသည်ကို အဆဲခံ ရသူ၏ အမျိုးသမီးက ပြန်လည် တုံ့ပြန် ပြောဆိုရာမှ စတင်အချင်းများခဲ့ပြီး လမ်းနံဘေးတွင် ရပ်နေသူတစ်ဦး ကို လည်း ဆဲဆိုခဲ့သည်ဟု မျက်မြင်တွေ့ခဲ့ ရသူအချို့က ပြောသည်။
” အစကတည်းက မူးပြီးတော့ ပတ်ပြီးလိုက်ရမ်း လိုက်ဆဲနေတာ။ အဲဒါ နဲ့ လင်မယားနှစ်ယောက် ဆိုင်ကယ် စီးလာတာကို လိုက်ဆဲလို့ နောက်က ထိုင်လာတဲ့ အမျိုးသမီးက “အွေး” ဆိုပြီး ဒီလိုလာဆဲရလားလို့ ပြန်ပြောလိုက်တာ ကိုသူ့ကပြန်ဆဲတယ်ဆိုပြီး မဆိုင်တဲ့ သူတွေကိုပါ လိုက်ရမ်းတာ” ဟု မျက်မြင် တွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လမ်းနံဘေးတွင် ရပ်လျက် မင်္ဂလာ ဆောင်ဖိတ်စာ ဖတ်၍ ရပ်နေသူကိုလည်း လာရောက် ဆဲဆိုခဲ့ပြီး လူချင်းထိုးရန် အထိစိန်ခေါ်ခဲ့သည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

၎င်းအပြင် ဆိုင်ကယ်စီးလာသူ လူ ငယ်တစ်ဦးကိုလည်း ၎င်းက လက်ဖြင့် ရိုက်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
သို့သော် ယင်းယာဉ်ထိန်းရဲသည် မူးယစ်သောက်စားထားခြင်း မရှိကြောင်း အမှတ်(၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံးက ရဲမှူးစိုးဝင်းက ပြော သည်။
ဆဲဆိုသည် ဆိုခြင်းမှာလည်း မဟုတ်မှန်ဘဲ ခရာမှုတ်နေသော်လည်း မီးပွိုင့်ဖြတ်မောင်းနေသည့်အတွက် အော် ဟစ် ပြောဆိုခဲ့မိခြင်းသာဖြစ်ကြောင်း ပြည်သူအချို့နှင့် အချင်းများခဲ့သည့် ကာယကံရှင် ယာဉ်ထိန်းရဲက ဆိုသည်။

” ညက သူ့ကို ရုံးမှာ စစ်ဆေးတယ်။ လုံးဝ အရက်သောက်ထားတာ မရှိဘူး။ သောက်ထားတယ်ဆိုရင် ပြင်းပြင်း ထန် ထန် အရေးယူလို့ ရတယ်။ ခရာတွတ် နေတဲ့ အချိန်မှာကို မီးပွိုင့်ဖြတ် မောင်းနေ လို့ အော်တာ အပြောမတတ်လို့ ဆဲသ လိုဖြစ်သွားတာ” ဟု ရဲမှူးစိုးဝင်းက ဆို သည်။
ဆိုင်ကယ်စီးလူငယ်တစ်ဦးကို လက်ဖြင့် ရိုက်သည်ဆိုသည်မှာလည်း မဟုတ်မှန်ဘဲ မီးနီဖြတ်မမောင်းရန်သာ ပြောဆိုခဲ့သည်ဟု ကာယကံရှင် ယာဉ် ထိန်းရဲက ဆိုသည်။

သို့သော် အခင်းဖြစ်ပွားချိန်တွင် မီးနီဖြတ်မောင်းသူများကို မတွေ့ရ ကြောင်း အထက်ပါမျက်မြင်အချို့ ဆို သည်။
အဆိုပါယာဉ်ထိန်းရဲကို ရဲစည်း ကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် အရေး ယူနိုင်ရန်တင်ပြထားသည်ဟု ရဲမှူး စိုးဝင်း က ပြောသည်။
အဆိုပါ ယာဉ်ထိန်းရဲသည် မကြာမီ တွင် အလုပ်ထွက်ရန်အတွက် အလုပ် ထွက်စာတင်ထားပြီး လည်းဖြစ်သည်ဟု အမှတ်(၈) ယာဉ် ထိန်းရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။