ကတ္တရာကွန်ကရစ် ဖျော်စက်မှ ထွက်ရှိသည့် အမှုန်အမွှားကြောင့် ဒေသခံများ ရောဂါရ

0
681

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နိုင်လွန် ကတ္တရာကွန်ကရစ် ဖျော်စက်မှ ထွက်ရှိသည့်  အမှုန်အမွှားများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ များ ခံစားနေရကြောင်း စက်ရုံအနီး နေထိုင်ကြသည့် ဒေသခံများထံမှ သိရ သည်။


ယင်းဖျော်စက် လည်ပတ်ချိန်တွင် ဖျော်စက် မီးခိုးခေါင်းတိုင်မှ ထွက်လာ သည့် ဖုန်မှုန့်၊ သဲကျောက်မှုန့် စသည့် အမှုန်အမွှားများသည် ပတ်ဝန်းကျင်ရှိ လူနေအိမ်များနှင့် ဘုန်းကြီး ကျောင်းများ အထိ ပျံ့နှံ့ရောက်ရှိပြီး  ရှူရိုက်မိသည်နှင့် လည်ချောင်းများ နာလာပြီး ချောင်းဆိုး ကာ နေထိုင်မကောင်း ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။

dawei_road
” တော်တော်ဆိုးတယ်။ ကျောက် မှုန့်တွေက မခံနိုင်အောင်ကို ကျနေတယ်။ အိမ်တံခါးတွေဆို အကုန်ပိတ်ထားရ တယ်” ဟု ယင်းစက်ရုံအနီး     နေထိုင်သည့် ဒေါ်ကျင်စန်းက ပြောသည်။
ဖျော်စက် လည်ပတ်လိုက်ချိန်တွင်         ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများကျ သကဲ့သို့ အုံ့မှိုင်းနေတတ်ပြီး ရှေ့ကို မြင်နိုင်စွမ်း ကျဆင်းသွားသဖြင့် ယာဉ် တိုက်မှုမဖြစ်အောင် သတိထား သွားလာ နေရကြောင်း အဝေးပြေးကားဝင်းမှ ဆိုင်ကယ်ယာဉ်မောင်းတစ်ဦးက ဆို သည်။
“ဆိုင်ကယ်စီးရင်လည်း ရှေ့ကို သိပ်မမြင်ရဘူး။ မျက်လုံးထဲကို အဖတ် လိုက်ဝင်တယ်။ တော်တော် သတိထားပြီး သွားနေရတယ်”ဟု ၎င်းက ပြောသည်။
ယင်းဖျော်စက်မှ ထွက်ရှိသည့် အမှုန့်များ ရှူရိုက်မိသည့် ခြောက်လခွဲ အရွယ်ကလေးငယ်တစ်ဦး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်လာ သဖြင့် ဆေးရုံတင်လိုက်ရပြီး သောက် သုံးရေတွင်းရေကန်များသည်လည်း ယင်း အမှုန်အမွှားကြောင့် အဆီပြန်နေ သဖြင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ထင်မြင် ကြောင်း ကလေးမိခင်တစ်ဦးက ဆို သည်။
” အခုနောက်ပိုင်း ဖျော်စက်လည် ပတ်လို့ အမှုန်အမွှားတွေ ကျလာရင်  တစ်ခြားရပ်ကွက်မှာပဲ သွားနေတော့ တယ်” ဟု ကလေးမိခင် ဒေါ်စန်းစန်းဝေ ကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ နှစ်ဆန်းပိုင်းက ရပ်မိ/ရပ်ဖ ၁၅ ဦးခန့် လက်မှတ်ရေးထိုးပြီး တင်ပြထားသည့် အသနားခံစာကို မြို့နယ်အုပ်ချုပ်ရေး မှူးဆီ တင်ပြခဲ့ပြီးနောက် သက်ဆိုင်ရာက လာရောက်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်လို့ ကြားသိရကြောင်း ဆင်ဆိပ်ရပ် ကွက်အုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်။
” ခံစားနေရတဲ့ ပြည်သူတွေက တင်ပြလာရင် အထက်ကို ဆက်လက် တင်ပြပေးမယ်” ဟု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောသည်။
စက်ရုံ မီးခိုးခေါင်တိုင်မှ  ထွက်သည့် အငွေ့တွင် အမှုန်အမွှားများ ပါဝင်မှု လျော့နည်းအောင် ခေါင်းတိုင်၏ မီးခိုး ထွက်သည့် စနစ်ကို ပြောင်းလဲရန် လုပ် ဆောင်နေသည်ဟု လမ်းဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့ (၂၃) မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
” ရပ်ကွက်နေ ပြည်သူလူထုတွေ ကိုလည်း အရမ်းအားနာမိတယ်” ဟု လမ်း အထူးအဖွဲ့ (၂၃) မှ ဒုတိယညွှန်ကြား ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။
ဖျော်စက်စခန်း စတင်တည်ဆောက် စဉ်က မီးခိုးပြောင်းတိုင်မှ မှုန်မွှားများ လူနေရပ်ကွက်ပေါ် မကျအောင် စနစ် တကျ စဉ်းစားတည်ဆောက်ထားသော် လည်း လေရူးလေပွေကြောင့် အဆင် မပြေ ဖြစ်ခဲ့ရကြောင်း  ယင်းက ဆက် ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်မှ စတင်ကာ ယင်းစက်ရုံ၏ မီးခိုးခေါင်တိုင်မှ အမှုန် အမွှားများထွက်ရှိမှု လျော့နည်းစေရန် ခေါင်တိုင်တွင် အမှုန်အမွှားစစ်သည့် ကိရိယာတစ်ခုကို တပ်ဆင်လိုက်ပြီ ဖြစ် ကြောင်း ယင်းဖျော်စက် စခန်းတာဝန် ရှိသူ တစ်ဦးက ဆိုသည်။
” အခုဆိုရင် အရင်ကထက်စာရင် ခေါင်တိုင်မှ မှုန်မွှားထွက်ရှိမှုနှုန်းကို ၇၅ ရာခိုင်နှုန်း(သုံးပုံနှစ်ပုံ)အထိ လျော့ချ နိုင်ခဲ့တယ်လို့ ထင်တယ်”  ဟု ဖျော်စက် စခန်းမှ  အငယ်တန်း အင်ဂျင်နီယာ(၂) ဦးအောင်လွင် ကပြောသည်။
ယခုလက်ရှိ တပ်ဆင်ထားသည့် စနစ်  အဆင်မပြေသေးပါက ယခုထက် ပိုမို ကောင်းမွန်အောင် ဆက်လက် ဆောင် ရွက်သွားမည်ဟု ၎င်းက ဆက်ပြော သည်။
ယင်းစက်ရုံမှ တစ်ရက်ကို နိုင်လွန် ကတ္တရာ တန်၂၀၀ ထွက်ရှိပြီး အမှုန် အမွှားများသည် လေတိုက်သည့်ဘက်သို့ ပျံ့လွင့်ကာ အနီးပတ်ဝန်ကျင်ရှိ အိမ်ခြေ ၄၀ ခန့်နှင့် ဘုန်းကြီးကျောင်း အချို့ ယင်းအကျိုးဆက်ကို ခံစားနေကြရ ကြောင်း ဒေသခံများထံမှ သိရသည်။