အမှုအတွက် ငွေကြေးတောင်းခံပါက တရားသူကြီးထံ ချက်ခြင်းတိုင်ကြားနိုင်ဟုဆို

0
922

တရားရုံးတွင် အမှုအတွက် ငွေကြေး တောင်းခံမှုများရှိပါက မြို့နယ်တရား သူကြီးထံ ချက်ချင်းတိုင်ကြား နိုင်ကြောင်း ထားဝယ်မြို့နယ် တရားရုံးတာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်သည်။


ပုဒ်မ (၄၇)အရ သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးပြီး တရားရုံး တင်ပို့ပြီး တရားစွဲဆိုရာ၌ အမှုအား အချိန်စောစော စီရင်ချက် ချမှတ်စေရန် တရားရုံး ဝန်ထမ်း အား အမှုသည်တစ်ဦးလျှင် ငွေကျပ် သောင်းဂဏန်း(နှစ်သောင်းကျပ်)ခန့် ပေးဆောင်ရလေ့ရှိသည်ဟူသည့် စွပ်စွဲ ချက်အပေါ် ယခုကဲ့သို့ တုံ့ပြန် ပြောဆို လိုက်သည်။
“ငွေကြေး တောင်းခံတယ်ဆိုတာ မဟုတ်ပါဘူး။ အတောင်းခံရတဲ့သူက တော့ တိုင်မှာပဲလေ။ လာတိုင်ရင် ချက် ချင်း အရေးယူ ပေးမယ်” ဟု မြို့နယ် တရားရုံး တာဝန်ရှိသူက ပြောသည်။
ယင်းအမှုများတွင် သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲတင်ပြီး တရားခွင်တွင် အပြစ်ရှိ^မရှိ စစ်ဆေးကာ အမိန့်ချ မှတ်ခြင်းသာဖြစ်ကြောင်း ယင်းက ဆက် ပြောသည်။
ထားဝယ်မြို့တွင် ရဲအက်(၃၄)အရ အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်(မူးယစ်ရမ်းကား ပုဒ်မဟု လူအများ သိထားသည့်) ပုဒ်မအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှဖမ်းဆီးပြီး တရား စွဲဆိုတင်ပို့ရာတွင် တရားရုံး ဝန်ထမ်းအချို့က တရားသူကြီးမှ အချိန် စောစော အမိန့်ချမှတ်စေလိုပါက ငွေကျပ် (နှစ်သောင်း) ပေးရမည်ဟု ပြောဆိုခဲ့ ကြောင်း အုပ်ထိန်းသူ မိဘများက ဆို သည်။
” ကျွန်တော့် တပည့် လေးယောက် ဖမ်းမိတော့ တစ်ဦးကို နှစ်သောင်းနှုန်းနဲ့ ရှစ်သောင်းကျပ် ပေးလိုက်ရတယ်”  ဟု ဝဲကျွန်းရပ်ကွက်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အခြား မိဘအုပ်ထိန်းသူများကမူ တရားရုံးဝန်ထမ်းများမှ ငွေကြေးပေးရ မည်ဟု ဖိအားပေး ပြောဆိုခဲ့ခြင်းကြောင့် မဟုတ်ဘဲ စေတနာရှိလို့ သဒ္ဓါကြေး ပေးလိုက်ခြင်းသာဖြစ်ကြောင်း မိဘ တစ်ဦးက ဆိုသည်။
” ဘာငွေကြေးမှ မတောင်းပါဘူး၊ ကိုယ့်စိတ်က သဒ္ဓါလို့ ပေးခဲ့တာတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အများအမြင် မတင့် တယ်အောင် နေထိုင်ပြုမူနေလျှင် ယင်း ဥပဒေအရ ဖမ်းဆီး အရေးယူလျက်ရှိပြီး အများပြည်သူများက မှောင်ရိပ်ခိုမှု (ရဲအက်ပုဒ်မ ၃၅-က မှ င အထိ) အဖြစ် အထင်လွဲလေ့ရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးက ဆိုသည်။
” အများပြည်သူ စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်ရင် ဒီဥပဒေအရ ဖမ်းမယ်” ဟု မြို့မစခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။
၂၀၁၅ ဇွန်လမှယခုနိုဝင်ဘာလ လလယ်ပိုင်းအထိ ထားဝယ်မြို့ရဲစခန်းမှ ပုဒ်မ ၄၇ ဖြင့်အမှုပေါင်း (၂၈၆)မှုအား ဖမ်းဆီးအရေးယူ တရားစွဲဆိုနိုင်ခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
ယင်းပုဒ်မ ၄၇ အရ ပြစ်မှု ကျူးလွန် ကြောင်း ထင်ရှားလျှင် ထိုသူကို ငွေဒဏ် ၅၀ကျပ် အထိဖြစ်စေ(သို့)ထောင်ဒဏ်  ၈ ရက်ဖြစ်စေ အမိန့်ချမှတ်နိုင်သည်။