ထားဝယ်မြို့သစ်မြေကွက်များ အရောင်းအဝယ် မရှိသလောက်ပါး

0
536

ထားဝယ်မြို့သစ်မြေကွက်များ အရောင်းအဝယ်မရှိသလောက် နည်းပါး နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရှိရသည်။
ထားဝယ်မြို့သစ်မြေကွက်များ ရွေး ကောက်ပွဲပြီးသွားသော်လည်း နိုင်ငံရေး အခြေအနေ စောင့်ကြည့် နေသေးသည့် အတွက် အရောင်းအဝယ်မရှိသလောက် ဖြစ်နေကြောင်း ထားဝယ်မြို့ မြေ အရောင်းအဝယ် အကျိုးဆောင်များနှင့် ဒေသခံများက ဆိုသည်။


ရွေးကောက်ပွဲမကျင်းပမီ သိန်း ၁၀၀ ကျော်ဝန်းကျင် မြေကွက်အချို့ အရောင်းအဝယ် အနည်းငယ်ရှိခဲ့သော် လည်း လက်ရှိတွင် ဝယ်လက် မရှိ သလောက် နည်းပါးနေသေးကြောင်း ထားဝယ်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။
” လက်ရှိကတော့ မြေဈေးတွေ တက်လာသလားလို့ ဈေးနှုန်းစုံစမ်းတာ တွေပဲရှိတယ်” ဟု အိမ်ခြံမြေ အကျိုး ဆောင် ကိုစိုးသိန်းက ပြောသည်။
အဓိက လမ်းများဖြစ်သည့် ၄လမ်း၊ ၆လမ်း၊ ၇လမ်းနှင့် ၈လမ်းမများ ပေါ်ရှိသိန်း ၃၀၀နှင့် သိန်း၅၀၀ကြား မြေကွက် ဈေးနှုန်းများကိုသာ မေးမြန်း စုံစမ်း ကြကြောင်း ယင်းက ဆက်ပြောသည်။
တစ်ချိန်က ထားဝယ်ရေနက် ဆိပ်ကမ်းကို အကြောင်းပြုပြီး ထားဝယ် ဒေသတွင် မြေကွက်များ အရောင်းအဝယ် များခဲ့သော်လည်း ယခုအချိန်တွင် နိုင်ငံ ရေး အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်နိုင်ကြောင်း မြေအကျိုးဆောင် ကိုသန်းဝင်းက  သုံးသပ် ပြောကြားသည်။
၂၀၁၃ က အကျိုးအမြတ် လိုချင်၍ စုဆောင်းထားသည့် ငွေအချို့ ဖြင့် မြေကွက်ဝယ်ယူထားမိပြီး ခုငွေ လိုသည့် အချိန်တွင် ပြန်ရောင်း မထွက် သဖြင့် အခက်အခဲဖြစ်နေ ရ ကြောင်း ထားဝယ် ဒေသခံတစ်ဦးက ဆိုသည်။
” လက်ထဲ ရှိသလောက်ငွေလေးနဲ့ ဝယ်ထားမိတာ။ အခုငွေလိုတော့ ရောင်း မထွက်တော့ဘူး” ဟု ထားဝယ်ဒေသခံ ကိုညီလေးက ပြောသည်။
ထားဝယ်ဒေသတွင် ၂၀၁၁-၂၀၁၃ အထိ မြေအရောင်းအဝယ် အများဆုံး ဖြစ်ခဲ့ပြီး အရင်ကမြေကွက် ဝယ်ယူ ထားကြသည့် လုပ်ငန်းရှင် အများစုမှာ မြေဈေးကစားမည့်သူများသာဖြစ်ပြီး နောက်ပိုင်းတွင် အမှန် တစ်ကယ်အလုပ် လုပ်ကိုင်မည့်လုပ်ငန်းရှင်များ လာ ရောက် ဝယ်ယူကြလိမ့်မည်ဟု ခန့်မှန်း ပြောဆို နေကြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ မှ အခုချိန်ထိ ထားဝယ်မြို့ပေါ်ရပ်ကွက် အဓိက လမ်းမများပေါ် ကျပ်သိန်း ၁၀၀၀ နှင့် ၃၀၀၀ကြား တန်ဖိုးရှိမြေကွက် ၇ ခုခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။