ဘုရားကြီးဇာတ်တော်ကြီးဆယ်ဘွဲ့ပန်းချီကားတွင် အစိုးရအဖွဲ့ဝင်များ၏ပုံတူပါဝင်ခြင်းဝေဖန်မှုမြင့်တက်

0
628

ထားဝယ်မြို့ဘုရားကြီးဝင်းအတွင်းရှိ ဇာတ်တော်ကြီးဆယ်ဘွဲ့ ပန်းချီကားများ တွင် လက်ရှိအစိုးရအဖွဲ့ဝင်များ၏ ပုံတူပန်းချီများ ပါဝင်မှုကြောင့် ဒေသခံများ အကြားတွင် ဝေဖန်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများ အပူဇော်ခံ ထားရှိသည့် ဘုရားသိမ်အတွင်း ဘုရားများ၏ အနောက်တွင် ရေးဆွဲထားသည့် ဇာတ်တော်ကြီး ဆယ်ဘွဲ့ပန်းချီကားတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒု-ဝန်ကြီး တစ်ဦးနှင့်ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် (ငြိမ်း) တို့၏ပုံတူများပါဝင်နေမှုကြောင့် ထိုသို့ဝေဖန်နေကြခြင်းဖြစ်သည်။

ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် ပါရှိသော ပုံတူများကို ယခုကဲ့သို့ လူသိများနေ သူများ ထည့်သွင်းမရေးဆွဲသင့်ကြောင်း ဒေသခံအချို့က ဆိုသည်။
“လူသိနည်းတဲ့မျက်နှာတွေကို ရေးဆွဲသင့်တယ်လေ” ဟု ဝဲကျွန်းရပ်ကွက်မှ ကိုကျော်ဝင်းက ပြောသည်။
ယင်းပန်းချီကားများကို လွန်ခဲ့သော ၈ နှစ်ခန့်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး ဝေဖန်မှုများကြောင့် ပြန်ပြင်ဆွဲရန်မရှိကြောင်းဘုရားကြီးဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

“ဝေဖန်တဲ့သူတွေကို အပြစ်မမြင်ပါဘူး။ လူတူမရှားနာမည်တူမရှားဆိုတဲ့ စကားပုံလိုပဲပေါ့” ဟုဘုရားကြီးဂေါပကအဖွဲ့မ Sဦးထွန်းကြည်က ပြောသည်။
ယင်းကဲ့သို့ ဘုရားအလောင်းဖြစ်စဉ် ဇာတ်ကြီးဆယ်ဘွဲ့မှ ဘုရားအလောင်းတော် နေရာတွင် ယခုကဲ့သို့ အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ၏မျက်နှာနှင့် ပုံတူနေခဲ့ခြင်းအပေါ် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့လာခဲ့ပြီး နောက်ပြည်သူများ အကြားတွင် ယခုကဲ့သို့ ဝေဖန်မှု မြင့်တက်လာခဲ့သည်။