ထားဝယ်တွင် သုံးနှစ်ကြာ ကျောက်မီးသွေး တူးနေသည့် ထိုင်းကုမ္ပဏီကို နေပြည်တော် မသိဟုဆို

0
419
ဓာတ်ပုံ - ကုမ္ပဏီ၏ ကျောက်မီးသွေး သယ်လမ်းကို ဒေသခံများ ပိတ်ဆို့ခဲ့စဉ်။ (DDA)

လွန်ခဲ့သော ၃ နှစ်ကတည်းက ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသ၌ ထိုင်းအခြေစိုက် East Star Mining ကုမ္ပဏီက အကြီးစားကျောက်မီးသွေးမိုင်း တူးဖော်လျက်ရှိသော်လည်း နေပြည်တော် အခြေစိုက် သတ္တုတွင်းဝန်ကြီးဌာနက မသိရှိဟု ပြောဆိုခဲ့ကြောင်း ဝန်ကြီးဌာနနှင့် တွေ့ဆုံခဲ့သော ထားဝယ် အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ သုတေသနပြုရေးသားထားသော ဘန်းချောင်းကျောက်မီးသွေးတွင်း စီမံကိန်းကြောင့် ထိခိုက်ခံစားရသော ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ရိုက်ခတ်မှု အစီရင်ခံစာအားရှင်းပြရန် သတ္တုတွင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သယံဇာတထုတ်ယူသည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ ညွန့်ပေါင်း အဖွဲ့ (EITI-MSG) အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) အဖွဲ့ဝင်များ၊ ဘန်းချောင်းဒေသခံများတို့ အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ရာ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အထက်ပါအတိုင်း တုံ့ပြန်ပြောခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

East Star Mining ကုမ္ပဏီက ကျောက်မီးသွေးသယ်ယူသည်ဟုသာ သိရှိထားပြီး ကျောက်မီးသွေးတွင်း တူးဖော်ထုတ်လုပ်လျက်ရှိသည်ကို မသိရှိကြောင်း ယင်းအရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲ တက်ရောက်သူများက ပြောဆိုသည်။

ဓာတ်ပုံ - ကုမ္ပဏီ၏ ကျောက်မီးသွေး သယ်လမ်းကို ဒေသခံများ ပိတ်ဆို့ခဲ့စဉ်။ (DDA)
ဓာတ်ပုံ – ကုမ္ပဏီ၏ ကျောက်မီးသွေး သယ်လမ်းကို ဒေသခံများ ပိတ်ဆို့ခဲ့စဉ်။ (DDA)

“ကိုယ့်ဆီက သယံဇာတကို အခြားက လာထုတ်နေတာမသိဘူးဆိုရင် ခိုးယူခံနေရတာပေါ့”ဟုယင်း တွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့သည့် MSG အဖွဲ့ဝင် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ ညှိနှိုင်းရေးမှူး ဦးသန့်ဇင်ကဆိုသည်။

အဆိုပါ ဘန်းချောင်းဒေသ၌ ဓါတ်သတ္တုအကြီးစားထုတ်လုပ်ရန် မေဖလားဝါးမိုင်းနင်း အင်တာပရိုက် လီမိတက်အား မြန်မာအစိုးရ သတ္တုတွင်း ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ချထားပေးသော်လည်း အမှန်တကယ် မြေပြင်တွင် East Star သတ္တုကုမ္ပဏီက တူးဖော်လုပ်ကိုင်နေကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

East Star ကုမ္ပဏီကို သတ္တုတွင်း ဝန်ကြီးဌာနက မသိရှိဟုဆိုသော်လည်း ယင်းကုမ္ပဏီသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ထံမှ လုပ်ပိုင်ခွင့်ကို အသုံးပြု လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။

မေဖလားဝါးသည် ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်တို့တွင် စုစုပေါင်းလုပ်ကွက် ၆ ကွက်အတွက် မြေဧက ၂၁၀၀ ကို သတ္တုတွင်း ဝန်ကြီးဌာနက ခွင့်ပြုအမိန့်ရရှိခဲ့ပြီး ကွမ်ချောင်းကြီးကျေးရွာရှိ မြေဧက ၆၀ တွင် East Star Mining ကုမ္ပဏီက ကျောက်မီးသွေးမိုင်းတူးဖော်ခြင်းကို၂၀၁၁ ခုနှစ်နှောင်းပိုင်း (သို့) ၂၀၁၂ခုနှစ် အစောပိုင်းမှ စတင် လုပ်ကိုင်ခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများ ပြုစုထားသော အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးမိုင်း၏ စွန်ပစ်မြေစာပုံ၌ မီးလောင်မှုများဖြစ်ပွားခြင်း၊ အနံ့ဆိုးများထွက်ပေါ်လေ့ရှိခြင်းအပြင် ယင်းမြေစာပုံ အနီးရှိ သီးနှံပင်များထွက်နှုန်းကျဆင်းခြင်းများ ကြုံတွေ့လျက်ရှိကြောင်း ယင်းအစီရင်ခံစာ အရ သိရသည်။

မြေပြင်တွင် ထိုင်းနိုင်ငံသားပိုင် East Star ကုမ္ပဏီက ကျောက်မီးသွေးမိုင်းတူးဖော်ခြင်းနှင့် Thai Asset Mining ကုမ္ပဏီက ကျောက်မီးသွေးသယ်ယူမည့် လမ်းဖောက်လုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဘန်းချောင်း ဒေသလူထုအခြေပြု ဖွံဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ စောကဘူးက ပြောဆိုသည်။

ကျောက်မီးသွေးမိုင်းတူးဖော်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံများကန်ကွက်မှု ဖြေရှင်းချိန်တွင် East Star ကုမ္ပဏီနှင့်သာ တွေ့ဆုံရပြီး လုပ်ပိုင်ခွင့်ရထားသည်ဆိုသော မေဖလာဝါးကုမ္ပဏီနှင့် တွေ့ဆုံရလေ့မရှိကြောင်း ၎င်းက ပြောဆိုသည်။

“သတ္တုတွင်းဝန်ကြီးဌာနကိုရောက်မှ East Star ကုမ္ပဏီက ကျောက်မီးသွေးမိုင်းတူးတာ တရားဝင်လုပ်ကိုင် ခွင့်မရှိမှန်းသိရတယ်၊ နောက်ထပ် East Star ကုမ္ပဏီက ကျောက်မီးသွေးတူးတာကို လက်ခံဖို့ အခက်အခဲ ရှိတယ်”ဟု စောကဘူးက ဆိုသည်။

မေဖလားဝါးကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် သတ္တုတွင်းဝန်ကြီးဌာန၌ လျှောက်ထားအချိန်တွင် ထိုင်းနိုင်ငံမှ East Star Mining ကုမ္ပဏီ၊ Thai Asset Mining ကုမ္ပဏီတို့နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လုပ်ကိုင်မည်ဟု အသိပေးခြင်း၊ စာချုပ်ချုပ်ဆိုစဉ်သဘောတူညီမှု ရယူခြင်းမရှိကြောင်း တာကပေါ လူငယ်အဖွဲ့မှ အကြံပေးတစ်ဦးဖြစ်သူ နော်ပီသလောက ထောက်ပြသည်။

“သတ္တုတွင်းဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေ ကွင်းဆင်းစစ်ဆေးမှုပြန်လည်ပြုလုပ်မယ်လို့ ပြောတယ်၊ ကွင်းဆင်းစစ်ဆေးမယ့် အချိန်တော့မပြောသေးဘူး”ဟု နော်ပီသလော ကဆိုသည်။

ယင်းကျောက်မီးသွေးတွင်း ရေစီးဆင်းသည့် ကွမ်းချောင်းငယ်နှင့် ပျားပင်ကလေးချောင်းတို့ရှိ ရေများတွင် အက်စစ်ပါဝင်မှု များခဲ့ကြောင်း ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်း (EcoDev) ပတ်ဝန်းကျင်ရေးရာ ဓါတ်ခွဲခန်း၏ စမ်းသပ်မှုရလဒ်အရ သိရှိရသည်။

East Star Mining ကုမ္ပဏီမှ မိုးရာသီဝင်အချိန်မှစ၍ ကျောက်မီးသွေးတူးဖော်ခြင်းကို ရပ်နားထားပြီး လာမည့် ပွင့်လင်းရာသီတွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ် သယ်ယူနိုင်ရန် လမ်းများကို ပြုပြင်လျက်ရှိ သည်ဟု ဘန်းချောင်းဒေသခံများထံမှ သိရသည်။

ကျောက်မီးသွေး တူးဖော်ခြင်း၊ ကျောက်မီးသွေးသယ်ယူရန် လမ်းဖောက်ခြင်းတို့ကို ဆန့်ကျင်လျက်ရှိသည့် ဘန်းချောင်းဒေသခံများက ယမန်နှစ် နိုဝင်ဘာလက ကျောက်မီးသွေး သယ်ယူမည့်လမ်းများကို ပိတ်ခဲ့ရာ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ KLNA က ပြန်ဖွင့်ပေးခြင်း၊ တစ်ဖန်ဒေသခံများက အဆိုပါမိုင်းအနီးရှိလမ်းကို ပြန်လည်တားဆီးပိတ်ဆို့ခဲ့ရာ East Star ကုမ္ပဏီဘက်မှ ဖွင့်ခြင်းတို့ ပြန်လှန်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဘန်းချောင်းဒေသခံများဆန့်ကျင်ကန့်ကွက်မှုများပြားလာမှုကြောင့် ယခုနှစ်စပိုင်းတွင် မေဖလားဝါး ကုမ္ပဏီက သတ္တုတူးဖော်ခွင့်ရထားသော ဧက ၂၁၀၀ ကို ပြန်လည် သုံးသပ်ပြီး ၆၁၂ ဧက သာလျှင် လုပ်ကိုင်ခွင့်ပြုကြောင်း အစီရင်ခံစာကဆိုသည်။